ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ငွေကျပ် ၂ ဒသမ ၄ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ငွေကျပ် ၂ ဒသမ ၄ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / September 16, 2024
နေပြည်တော် စက်တင်ဘာ ၁၆
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာလ ၈ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ (၄၁)ရပ်ကွက်တွင် ကြိုတင်သတင်းရရှိထားသူ ထွန်းထွန်းမြင့်အား စိတ်ပြောင်းဆေးဝါးများဖြစ်သည့် ကက်တမင်း ၁ ကီလို၊ Happy Water ၁၀၅ ဂရမ်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး သယ်ဆောင်ရောင်းဝယ်ရာ၌ ပူးပေါင်းပါဝင်သူ ဘသာဇံအား ယင်းနေ့ မွန်းလွဲ ၁ နာရီအချိန် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ ၄၁(တိုးချဲ့)ရပ်ကွက်တွင် ဆက်လက်ဖမ်းဆီးရမိခဲ့ရာ ၎င်း၏ ဖော်ထုတ်ချက်အရ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ (၄၁)ရပ်ကွက်၊ စကားဝါလမ်းရှိ ဖမ်းမိတရားခံ ထွန်းထွန်းမြင့် ၏ နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၉ ဒသမ ၈ သိန်းနှင့် ဘိန်းဖြူ ၅၀ ဂရမ် ဆက်လက်သိမ်းဆည်းရမိခဲ့ကြောင်း၊ ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ စက်တင်ဘာလ ၁၂ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်တွင် လှရွှေ(ခ)အဒူရ်မူန နှင့် ဇော်မင်းနိုင် (ခ)အင်မရန်း တို့ ၂ ဦးအား စိတ်ကြွ ရူးသွပ်ဆေးပြား ၉ ဒသမ ၂ သိန်းနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်းဒေသကာလတန်ဖိုး ငွေကျပ် ၂ ဒသမ ၄၁ ဘီလီယံကျော်တန်ဖိုးရှိ ကက်တမင်း ၁ ကီလို၊ Happy Water ၁၀၅ ဂရမ်၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၉ သိန်းနှင့် ဘိန်းဖြူ ၅၀ ဂရမ်တို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းနှင့် အမှုတွင်ဆက်စပ်ပါဝင်သူများနှင့် ၎င်းတို့မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက်အရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။