ရေစကြိုမြို့နယ်၊ ကိုင်းမကြီးရွာ ရွာဦးဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော်အား PDF အမည်ခံ အကြမ်းဖက်သမားများက ဖမ်းဆီးကာ ရက်စက်စွာသတ်ဖြတ်
ရေစကြိုမြို့နယ်၊ ကိုင်းမကြီးရွာ ရွာဦးဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော်အား PDF အမည်ခံ အကြမ်းဖက်သမားများက ဖမ်းဆီးကာ ရက်စက်စွာသတ်ဖြတ်
ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / September 22, 2023
အကြမ်းဖက်အဖွဲ့အစည်းများအနေဖြင့် နိုင်ငံတော်အတွင်းအကြမ်းဖက်မှု အဖျက်အမှောင့်များအား လုပ်ဆောင်လျက်ရှိသည့်အပြင် ဗုဒ္ဓဘာသာဝင်များ၏ အထွတ် အမြတ်ထားရာ ဘာသာရေးဆိုင်ရာ အဆောက်အအုံများ၊ ဘုန်းတော်ကြီးကျောင်းများကိုပါ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ Drone ယာဉ်များအသုံးပြု၍ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခြင်းနှင့် ရဟန်းသံဃာတော်များအား ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်ခြင်းများအား စိတ်နှလုံးညှိုးနွမ်းဖွယ် ရက်စက်စွာ ပြုလုပ်နေကြသည်ကို တွေ့ရှိရပါသည်။
ထိုသို့ ပြုလုပ်လျက်ရှိရာ စက်တင်ဘာလ ၁၇ ရက် ည ၁၁ နာရီခွဲတွင် မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ကိုင်းမကြီးကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော် ဥူးကုမာရ (သက်တော် ၇၃ နှစ်)၊ (ဝါတော် ၅၃ ဝါ)သည် ဘုန်းကြီးကျောင်း၌ သီတင်းသုံးနေစဉ် ထန်းပင်ချောင်း ကျေးရွာဘက်မှ PDF အမည်ခံ အကြမ်းဖက်သမားအင်အား (စိစစ်ဆဲ) ရောက်ရှိလာပြီး ဆရာတော်အား ဖမ်းဆီးခေါ်ဆောင်သွားပြီး ကျေးရွာ၏အရှေ့တောင်ဘက် နှစ်ဖာလုံခန့်အကွာရှိ ဇရပ်အနီးအရောက်၌ ရက်စက်စွာသတ်ဖြတ်ခဲ့သဖြင့် ဆရာတော် ဥူးကုမာရတွင် လည်ပင်းပြတ်ရှဒဏ်ရာတစ်ချက်၊ နှုတ်ခမ်း ဖူးရောင်ဒဏ်ရာများဖြင့် ပျံလွန်တော်မူခဲ့ကြောင်း သိရသည်။
ထိုသို့ သာသနာ့အနွယ်ဝင် ဆရာတော်ဥူးကုမာရအား ရက်စက်စွာသတ်ဖြတ်ခဲ့သည့် PDF အမည်ခံ အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီထိရောက်စွာအရေးယူနိုင်ရေးနှင့် နယ်မြေ တည်ငြိမ်အေးချမ်းရေးတို့အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းများအား လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။