ရွှေသွေးဂျာနယ် ထွက်ရှိ
ရွှေသွေးဂျာနယ် ထွက်ရှိ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / December 05, 2025
နေပြည်တော် ဒီဇင်ဘာ ၄
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က အပတ်စဉ်စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။
၆ - ၁၂ - ၂၀၂၅ ရက်(စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ်အတွဲ (၅၇)၊ အမှတ် (၄၉) တွင် မိမိတို့ နွမ်းရိပျက်စီးသွားမည့်အစား လူသားတို့အတွက် အာဟာရရှိသော ဟင်းတစ်ခွက်ဖြစ်လိုသော စိတ်ကောင်းစေတနာရှိသည့် အသီးအနှံများအကြောင်းကို သရုပ်ဖော်ထားသည့် “သီးစုံဟင်း” မျက်နှာဖုံး ကာတွန်း၊ လမ်းလျှောက်ခြင်းသည် ငွေကုန်ကြေးကျသက်သာရုံသာမက ကျန်းမာရေးအတွက်များစွာ အထောက်အကူဖြစ်စေကြောင်းကို ဗဟုသုတရဖွယ်ရေးသားထားသည့် “လမ်းလျှောက်ခြင်း” သုတဆောင်းပါးကဏ္ဍ၊ ကလေးတို့ပေးပို့သော ပန်းချီလက်ရာများကို ဖော်ပြထားသည့် “ရွှေသွေးတို့လက်ရာ”ကဏ္ဍ၊ ကျောင်း၌ အခြားသူများနှင့် လိုက်လျောညီထွေစွာ မပေါင်းသင်းတတ်၍ သူငယ်ချင်းမရှိသော သားကို မိခင်ဖြစ်သူက သူငယ်ချင်းများ၏ တန်ဖိုးရှိပုံအကြောင်းကို ပြောဆိုဆုံးမထားသည်ကို သရုပ်ဖော် ထားသည့် “သူငယ်ချင်းအလိုရှိသည်” နှစ်မျက်နှာ ကာတွန်း၊ လိမ္မာယဉ်ကျေးပြီး ဖခင်၏ဆုံးမစကားအတိုင်း အလုပ်ကိုရိုးရိုးသားသား ကြိုးကြိုးစားစားလုပ်ကိုင်ခဲ့သော မောင်မြင့်အကြောင်းကို ရေးသားထားသည့် “အလုပ်ကြိုးစားတဲ့ သူဌေးသား” ပုံပြင်ကဏ္ဍ၊ မိခင်၏ မေတ္တာစေတနာကို နားလည်သွားခဲ့သော ကျောင်းသားလေးအကြောင်းကို ရေးသားထားသည့် “အစွန်းအထင်းကင်းသည်” ဝတ္ထုကဏ္ဍ၊ သူတစ်ပါးကို မြွေရုပ်နှင့် ခြောက်လှန့်တတ်သောကြောင့် ရေခဲမုန့်နှင့် လွဲခဲ့ရသော ချက်စူအကြောင်းကို သရုပ်ဖော်ထားသည့် “ချက်စူပါဝင်သော မစားရထိုက်သူ” နှစ်မျက်နှာကာတွန်း၊ မိမိထင်မြင်ယူဆသည့် အတိုင်း တွေးတောပူပန်တတ်သော ဖြိုးရဲအကြောင်းကို သရုပ်ဖော်ထားသည့် “ဖြိုးရဲ - အာနိုးနဲ့ ဝတုတ်” နှစ်မျက်နှာကာတွန်း၊ အီဒီယမ်များအပါအဝင် Two-word Verb ဟုခေါ်သော Phrasal Verb များ၏ အသုံးများနှင့် ပတ်သက်သည့် အင်္ဂလိပ်စကားပြောများကို လေ့လာမှတ်သားနိုင်မည့် “အခြေခံလိုအပ်သည့် အီဒီယမ်” အင်္ဂလိပ်စာကဏ္ဍ၊ ဉာဏ်စမ်းကဏ္ဍနှင့် ကဗျာကဏ္ဍတို့အပါအဝင် ကဏ္ဍစုံစုံလင်လင်ဖြင့် ထွက်ရှိပြီဖြစ်ရာ တစ်စောင်လျှင် ငွေကျပ် ၄၀၀ ဖြင့် စာပေဗိမာန် စာအုပ်အရောင်းဆိုင်များတွင် ဝယ်ယူနိုင်ကြောင်း သိရသည်။
သတင်းစဉ်
