ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်တွင် တရားမဝင်တင်သွင်းလာသည့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၂ ဒသမ ၅ တန် ဖမ်းဆီးရမိ
ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်တွင် တရားမဝင်တင်သွင်းလာသည့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၂ ဒသမ ၅ တန် ဖမ်းဆီးရမိ
ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / September 13, 2025
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၈ ရက် ညနေ ၅ နာရီ ၃၀ မိနစ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ ဆွတ်ဆိုင် ကျေးရွာအနီးတွင် ဇေယျာလင်း၊ ရှိုင်းဝဏ္ဏအောင်၊ လင်းပိုင်ဖြိုး၊ အိုက်စွမ်နှင့် စိုင်းထွန်းတို့ ငါးဦးအား ကဖင်း ၂ ဒသမ ၅ တန် (၎င်းဒေသတန်ဖိုး ငွေကျပ် သိန်း ၂,၀၀၀)၊ NISSAN DIESEL ၁၂ ဘီးယာဉ် တစ်စီး၊ REVO ယာဉ် နှစ်စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ ကွင်းဆက်ဖော်ထုတ်ချက်အရ ပူးပေါင်းအဖွဲ့သည် ဖမ်းဆီးရမိ ကဖင်းများအား သယ်ဆောင်ခိုင်းသူ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စု၊ ခုတ်ဝကျေးရွာနေ ဝင်းထွန်း၏နေအိမ်အား ဆက်လက်ဝင်ရောက်ရှာဖွေရာ ၎င်းမှာ တိမ်းရှောင်လျက်ရှိပြီး နေအိမ်မှ အိုက်စ်(မက်သ်အဖက်တမင်း) ၁ ကီလို(၎င်းဒေသတန်ဖိုး ငွေကျပ် သိန်း ၁၀၀)အား ထပ်မံ သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်းများ၏ ပိုင်ရှင်ဖြစ်သူ တာချီလိတ်မြို့နယ်၊ လွန်ကျိုင်းကျေးရွာနေ အိုက်မုန်း(ခ)အိုက်နန်မုန့် (ဖမ်းဆီးရန်ကျန်)သည် မြန်မာ-လာအိုနယ်စပ် မဲခေါင်မြစ်ကြောင်းမှတစ်ဆင့် တာချီလိတ်မြို့နယ်အတွင်းသို့ တရားမဝင်တင်သွင်းခဲ့ခြင်းဖြစ်ကြောင်းနှင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။