လုံခြုံရေးတပ်ဖွဲ့ဝင်များက သီပေါမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့်ပြည်သူ့ဆေးရုံတို့၌ သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်
လုံခြုံရေးတပ်ဖွဲ့ဝင်များက သီပေါမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့်ပြည်သူ့ဆေးရုံတို့၌ သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / October 20, 2025

နေပြည်တော် အောက်တိုဘာ ၂၀
တပ်မတော်က ပြည်သူလူထုအေးချမ်းစွာနေထိုင်နိုင်ရေးအတွက် အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး(Counter-Terrorism Operation)ကိုဆောင်ရွက်ပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း)သီပေါမြို့အား အလုံးစုံပြန်လည်ထိန်းချုပ်ရရှိပြီးချိန်တွင် အစိုးရ၏အုပ်ချုပ်မှုယန္တရားပြန်လည်လည်ပတ်နိုင်ရေး၊ ကလေးသူငယ်များပညာသင်ကြားနိုင်ရေးနှင့်ဒေသခံပြည်သူလူထုအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပြန်လည်ဆောင်ရွက်ရေးစသည်တို့အပြင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီအင်တိုက်အားတိုက်ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ သီပေါမြို့နှင့်၎င်းဒေသတစ်ဝိုက်ရှိ ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေးကဏ္ဍထိခိုက်နစ်နာမှုမရှိစေရန် စာသင်ကျောင်းများအမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် ပြည်သူလူထု၏ကျန်းမာရေးကဏ္ဍအဆင်ပြေချောမွေ့စေရန် ဆေးရုံများပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ယနေ့တွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများစုပေါင်း၍ သီပေါမြို့ရှိအမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် သီပေါမြို့ပြည်သူ့ဆေးရုံတို့၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ထို့အပြင် သီပေါမြို့အတွင်း ဒေသခံပြည်သူများပြန်လည်ဝင်ရောက်လျက်ရှိရာ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကြိုဆိုနေရာချထားခြင်းလုပ်ငန်းများဆောင်ရွက်ပေးသည်။
၎င်းအပြင် သီပေါမြို့နယ်တည်ငြိမ်အေးချမ်းသာယာရေး၊ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ အေးချမ်းစွာလူမှုစီးပွားဘဝလုပ်ကိုင်စားသောက်နိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးနှင့်နယ်မြေစိုးမိုးရေးတာဝန်များကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
