သတင်းထုတ်ပြန်ချက်
သတင်းထုတ်ပြန်ချက်
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / January 02, 2026
၃၁-၁၂-၂ဝ၂၅။
ယခုလက်ရှိ တင်းမာမှုများဖြစ်ပွားနေသည့် ထိုင်ဝမ်ပြဿနာ (Taiwan Question)နှင့် ပတ်သက်၍ မြန်မာနိုင်ငံ၏ သဘောထားရပ်တည်ချက်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(က) မြန်မာနိုင်ငံသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ စတင်ပေါ်ပေါက်လာစဉ်ကတည်းက တရုတ်နိုင်ငံ၏ လွတ်လပ်ရေးကို အစောဆုံးအသိအမှတ်ပြုခဲ့သည့်နိုင်ငံဖြစ်ပြီး တရုတ်တစ်နိုင်ငံတည်းမူဝါဒ (One China Policy )အပေါ် အစဉ်တစိုက်ရပ်တည်ထောက်ခံခဲ့ပြီး နှစ်နိုင်ငံခေါင်းဆောင် အချင်းချင်းတွေ့ဆုံစဉ်၌လည်း ထပ်လောင်းအတည်ပြုပြီးဖြစ်သည်။ တရုတ်နိုင်ငံ၏ ထိုင်ဝမ်နှင့် ငြိမ်းချမ်းစွာပြန်လည်ပေါင်းစည်းရေး ရည်ရွယ်ချက်ကိုလည်း ထောက်ခံရပ်တည်လျက်ရှိသည်။
(ခ) မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံတို့သည် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး ၅ ရပ်ကို သဘောတူလိုက်နာနေသည့် နိုင်ငံများဖြစ်သည်နှင့်အညီ တစ်နိုင်ငံနှင့်တစ်နိုင်ငံ နယ်မြေတည်တံ့ခိုင်မြဲမှုနှင့် အချုပ်အခြာအာဏာကို လေးစားကြသည်။ ၎င်းအတွက် ကြိုးပမ်းမှုများ ကိုလည်း အလေးထားသည်။
(ဂ) တစ်နိုင်ငံ၏ ပြည်တွင်းရေးကို တစ်နိုင်ငံက လေးစားမှုပြုရေးမူဝါဒအရလည်း ထိုင်ဝမ်ပြဿနာ (Taiwan Question)သည် တရုတ်၏ပြည်တွင်းရေးပင်ဖြစ်ပြီး ထိုင်ဝမ်သည်တရုတ်၏ ခွဲခြမ်းစိတ်ဖြာ၍မရသော အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း အသိအမှတ်ပြုသည်။ ခွဲထွက်ရေးလှုပ်ရှားမှုများသည် ဒေသတွင်းလုံခြုံရေးကို ထိခိုက်စေနိုင်သဖြင့် ၎င်းလှုပ်ရှားမှုများကို အသိအမှတ်မပြုပါ။ ပဋိပက္ခဖြစ်ပွားမှုများကို မြင့်တက်စေမည့် မည်သည့်အားပေးမှုကိုမဆို ထိန်းသိမ်းဆောင်ရွက်စေလိုပါသည်။
(ဃ) မြန်မာနိုင်ငံအနေဖြင့် တရုတ်၏အိမ်နီးချင်းမိတ်ဆွေကောင်းနိုင်ငံ၊ မဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေးရှိသည့် နိုင်ငံ၊ အေးအတူပူအမျှအသိုက်အဝန်းကို အတူထူထောင်ထားသည့် နိုင်ငံအဖြစ် အစဉ်အမြဲရပ်တည်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
သတင်းထုတ်ပြန်ရေးအဖွဲ့
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
