သဘာဝဓာတ်ငွေ့သုံး (CNG) မော်တော်ယာဉ်များ လိုက်နာရန်
သဘာဝဓာတ်ငွေ့သုံး (CNG) မော်တော်ယာဉ်များ လိုက်နာရန်
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / April 08, 2026
၁။ စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊ မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ဌာန အနေဖြင့် အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် ပြည်သူများ လွယ်ကူချောမွေ့စွာသွားလာနိုင်စေရန် မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ အရောင်းဆိုင်များကို ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပလိပ်နှင့် မကွေးတိုင်းဒေသကြီး ချောက်မြို့နှင့် ရေနံချောင်းမြို့တို့တွင် CNG အရောင်းဆိုင်များဖွင့်လှစ်ကာ သဘာဝဓာတ်ငွေ့သုံးမော်တော်ယာဉ်များကို ဈေးနှုန်းချိုသာစွာဖြင့် ပိတ်ရက်မရှိ ဖြန့်ဖြူးရောင်းချပေးလျက်ရှိပါသည်။
၂။ ဖိအားမြှင့်သဘာဝဓာတ်ငွေ့ (CNG; Compressed Natural Gas) သည် သဘာဝဓာတ်ငွေ့ကို ဆလင်ဒါအိုးများအတွင်း မြင့်မားသောဖိအားဖြင့် ဖိသိပ်မောင်းသွင်းထားသောကြောင့် အိုးများမှ ကြံ့ခိုင်မှုမရှိခြင်း၊ ဘားများမလုံခြင်း၊ ပိုက်များကြံ့ခိုင်မှုမရှိခြင်းတို့ကြောင့် ပြင်ပသို့ ဓာတ်ငွေ့ယိုစိမ့်ပါက မီးလောင်ပေါက်ကွဲပြီး သုံးစွဲသူများ ထိခိုက်ပျက်စီးနိုင်ပြီးအန္တရာယ်ရှိပါသဖြင့် ခရီးသွားပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရန် CNG မော်တော်ယာဉ်များကို နှစ်စဉ်နှစ်ပတ်လည် (Annual Inspection) စစ်ဆေးခြင်းကို မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ဌာနက အထူးအလေးထား စိစစ်ဆောင်ရွက်ပေးလျက်ရှိပြီး စစ်ဆေးမှုအောင်မြင်သော ယာဉ်များကိုသာ CNG အသုံးပြုခွင့်စာအုပ်နှင့် ကတ်ဆက်လက်ခွင့်ပြုပေးလျက်ရှိပါသည်။
၃။ ထို့အပြင်စတင်ထုတ်လုပ်သည့် ခုနှစ်မှစ၍ (၅) နှစ်ပြည့်ပြီးသော CNG ဆလင်ဒါအိုးများအား ပထမအကြိမ် စစ်ဆေးခြင်း၊ ဒုတိယ(၅) နှစ်ပြည့်လျှင် ဒုတိယအကြိမ် ထပ်မံဖိအားခံနိုင်မှု စစ်ဆေးခြင်းများကိုလည်း CNG မော်တော် ယာဉ်သုံးသဘာဝဓာတ်ငွေ့ဌာနက စနစ်တကျ စက်ကိရိယာများဖြင့် သေချာစွာ စမ်းသပ်စစ်ဆေးပေးလျက်ရှိပါသည်။ CNG အိုး သက်တမ်း (၁၅)နှစ် ကျော်လွန်သည့်အိုးများအတွက် ထုတ်လုပ်သည့် နိုင်ငံ/ အရည်အသွေး အာမခံမှုပေါ်မူတည်၍ သီးခြားထပ်မံစစ်ဆေးကာ သက်တမ်းတိုးခြင်းကို ဆောင်ရွက်ပေးသွားမည်ဖြစ်သော်လည်း အိုးအများစုကို ပယ်ဖျက် ( Reject) စာရင်း သတ်မှတ်ဖျက်ဆီးလျက်ရှိပါသည်။
၄။ CNG မော်တော်ယာဉ်ပိုင်ရှင်ပြည်သူများအနေဖြင့် အများပြည်သူလုံခြုံဘေးကင်းရေးအတွက် ဌာနကဆောင်ရွက်သည့် နှစ်ပတ်လည် စစ်ဆေးခြင်းများကို မဖြစ်မနေစစ်ဆေးမှုခံယူသွားပါရန်နှင့် သတ်မှတ်စည်းကမ်းများကို လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ နှစ်ကျော်အိုးများကိုသုံးစွဲနေကြောင်း စစ်ဆေးတွေ့ရှိရပါက CNG ယာဉ်အဖြစ် ဓာတ်ငွေ့ရောင်းချမှုကို အပြီးတိုင် ရပ်ဆိုင်းသွားမည်ဖြစ်ပါသည်။
၅။ CNG မော်တော်ယာဉ်ပိုင်ဆိုင်သူ ပြည်သူများအနေဖြင့် နှစ်ပတ်လည်စစ်ဆေးခြင်းနှင့် ဆလင်ဒါအိုး စစ်ဆေးခံယူခြင်း များကို ၂၀၂၆ ခုနှစ်၊ ဧပြီလ (၃ဝ) ရက်အတွင်း CNG ဌာနသို့ လာရောက်ဆက်သွယ် စစ်ဆေးခံယူကာ CNG ဝယ်ယူခွင့်စာအုပ်နှင့် ကတ်သစ်ထုတ်ယူခြင်းများကို လာရောက်ဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော် အသိပေး အကြောင်းကြားအပ်ပါသည်။
၆။ အကယ်၍ လာရောက်စစ်ဆေးခံယူခြင်းမရှိသည့် နှစ်ပြည့်သက်တမ်း (၅) နှစ်ကျော်လွန်သည့် မော်တော်ယာဉ်များကို ၂၀၂၆ ခုနှစ်၊ မေလ (၁) ရက်မှစ၍ CNG ယာဉ်စာရင်းမှ (အပြီးအပိုင်) ပယ်ဖျက်သွားမည်ဖြစ်ပြီး နှစ်ပတ်လည် စစ်ဆေးခြင်းခံယူမှု (၅) နှစ်အောက် ဖြစ်သည့် မော်တော်ယာဉ်များ အနေဖြင့် ၂ဝ၂၆ ခုနှစ်၊ မေလ (၁) ရက်မှစ၍ (၁) နှစ်ကျော်လွန်ပါက CNG ဝယ်ယူခွင့် (၃) လ၊ (၂) နှစ်ကျော်လွန်ပါက CNG ဝယ်ယူခွင့် (၆) လ၊ (၃) နှစ် ကျော်လွန်ပါက CNG ဝယ်ယူခွင့် (၉) လ နှင့် (၄) နှစ်ကျော်လွန်ပါက CNG ဝယ်ယူခွင့် (၁) နှစ် အဖြစ် ပြစ်ဒဏ်များသတ်မှတ်ပြီး ဓာတ်ငွေ့ရောင်းချပေးမှုကို ရပ်ဆိုင်ခြင်းခံရမည်ဖြစ်ပါသည်။
၇။ သို့ဖြစ်ပါ၍ CNG မော်တော်ယာဉ် ပိုင်ရှင်ပြည်သူများအနေဖြင့် ခရီးသွားပြည်သူများ လုံခြုံအေးချမ်းစွာဖြင့် ခရီးသွားလာနိုင်ရေးအတွက် မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ဌာနမှ ဆောင်ရွက်ပေးလျက်ရှိသည့် ဘေးကင်းလုံခြုံမှုစစ်ဆေးခြင်း အစီအစဉ်များကို အထူးအလေးထား လိုက်နာဆောင်ရွက်ကြရန် အသိပေးနှိုးဆော်အပ်ပါသည်။
စွမ်းအင်ဝန်ကြီးဌာန
