သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ တတိယအကြိမ် စုပေါင်းရဟန်းခံ ရှင်ပြု သီလရှင်ဝတ် အလှူတော်မင်္ဂလာ ကျင်းပ

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ တတိယအကြိမ် စုပေါင်းရဟန်းခံ ရှင်ပြု သီလရှင်ဝတ် အလှူတော်မင်္ဂလာ ကျင်းပ


သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန/ နေပြည်တော် / May 04, 2024
image_latest


နေပြည်တော် မေ ၄

          သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့် ဇနီး ဒေါ်ကြည်ကြည်မေတို့ကို အမှူးထား၍ ဝန်ထမ်းမိသားစုများ၏ တတိယအကြိမ် စုပေါင်းရဟန်းခံ၊ ရှင်ပြု၊ သီလရှင်ဝတ် အလှူတော်မင်္ဂလာအခမ်းအနားကို မေလ (၃) ရက်နေ့နှင့် (၄) ရက်နေ့များ၌ ကျင်းပပြုလုပ်ခဲ့သည်။

          အခမ်းအနားအစီအစဉ် ပထမနေ့ဖြစ်သော မေလ ၃ ရက်နေ့ နံနက်ပိုင်း၌ ရှင်လောင်းလှည့်ခြင်း အခမ်းအနားကို ရုံးအမှတ် (၁၆) မှစတင်ခဲ့ရာ နန်ချွန်တံတားမှ မြို့မဈေးသို့လည်းကောင်း၊ ၎င်းမှ ဉာဏအောင်မြေလမ်းအတိုင်း ထွက်ခွာခဲ့ကြပြီး မောင်ရင်လောင်းများအား မြန်မာ့ရိုးရာယဉ်ကျေးမှု ထုံးဓလေ့နှင့်အညီ သဒ္ဓမ္မဝေပုလ္လကျောင်းတိုက် ပရဝုဏ်အတွင်းရှိ နတ်ကွန်းတွင် နတ်ပြခြင်း အခမ်းအနား ပြုလုပ်ခဲ့သည်။ ထိုမှတစ်ဆင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ သွားရောက် ဖူးမြော်၍ လက်ယာရစ် လှည့်လည်ဦးခိုက် ပူဇော်ခဲ့ကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့် ဇနီးဒေါ်ကြည်ကြည်မေတို့က မာရဝိဇယရုပ်ပွားတော်မြတ်ကြီးအတွက် အလှူ ငွေကျပ်သိန်း (၃၀) ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့ တာဝန်ရှိသူများက လက်ခံရယူ၍ ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။

          ထိုနေ့ မွန်းလွဲပိုင်းတွင်  ရဟန်းလောင်းများ၊ မောင်ရှင်လောင်းများနှင့် သီလရှင်များအား မင်္ဂလာဘိသိက်သွန်းခြင်း အခမ်းအနားကို ရုံးအမှတ် (၁၆) ၌ ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ ဝန်ကြီးဌာနအကြီးအကဲများနှင့် ဧည့်ပရိတ်သတ်များ တက်ရောက်ခဲ့ ကြပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဉာဏ်ဝင်း ဦးဆောင်သော ယဉ်ကျေးမှုမင်္ဂလာဘိသိတ်အဖွဲ့က ဘိသိတ်သွန်းလောင်းပေးခဲ့ သည်။ ထို့နေ့ ညနေပိုင်းတွင် ဆံချမင်္ဂလာပြုလုပ်ရာ ဦးစွာ နမောတဿ(၃) ကြိမ် ရွတ်ဆိုကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်သည်။ ယင်းနောက် မောင်ရှင်လောင်းများက ဥပစ္ဇျယ်ဆရာတော် ဦးဂန္ဓမာလာအား ဩကာသကန်တော့ချိုးဖြင့် ရှိခိုးကန်တော့ကြကာ ဆရာတော်ဦးဂန္ဓမာလာမှ မောင်ရှင်လောင်းများအား ဆုပေးချီးမြှင့်သည်။ ဆက်လက်၍ မောင်ရှင်လောင်းများ၊ ရဟန်းလောင်းများ၊ သီလရှင်လောင်းများအား ဆံချမင်္ဂလာ ပြုလုပ်ကြသည်။

          ထို့နောက် ဦးပစ္ဇျာယ်ဆရာတော် ဦးဂန္ဓမာလာထံ ရှင်ပြုအစီအစဉ် ဆောင်ရွက်ပေးပါရန် တောင်းပန်လျှောက်ထားရာ ဦးပစ္ဇျာယ်ဆရာတော် ဦးဂန္ဓမာလာက ရှင်ပြုခြင်းအစီအစဉ် ဆောင်ရွက် ပေးပြီး ရဟန်းလောင်းများမှ ဆရာတော်ထံ သင်္ကန်းပေးခြင်း၊ ဆရာတော်ထံမှ သင်္ကန်းတောင်းခြင်း၊ သင်္ကန်းဝတ်ဆင်ခြင်း၊ ရှင်အဖြစ်တောင်းခံခြင်း၊ သရဏဂုံဆောက်တည် ရှင်ပြုခြင်းနှင့် ဥပစ္ဇျာယ် ယူခြင်းများ ဆောင်ရွက်ကြသည်။

          အခမ်းအနားအစီအစဉ် ဒုတိယနေ့ဖြစ်သော မေလ ၄ ရက်နေ့တွင် သီရိဂန္ဓမာသပြေအေး မိုးကုတ်ဝိပဿနာကျောင်းတိုက်၌ ဥပသမ္ပဒကံဆောင်၍ ရဟန်းခံမင်္ဂလာပြုခြင်း၊ သိမ်ဝင်ခြင်းနှင့် သိမ်ဆင်းလောင်းခြင်းများ ဆောင်ရွက်ခဲ့ရာ ဦးပစ္ဇျာယ်ဆရာတော် ဦးဂန္ဓမာလာဦးဆောင်၍ ရဟန်း ဘောင်ဝင်မည့် သာမဏေများ မင်္ဂလာသိမ်တော်သို့ သိမ်ဝင်ခြင်း၊ သိမ်ဆင်းခြင်းများ ဆောင်ရွက် ကြသည်။ ထို့နောက် ဦးပစ္ဇျာယ်ဆရာတော် ဦးဂန္ဓမာလာဦးဆောင်သော ရဟန်းများအား နိုင်ငံတော် ကောင်စီဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုဝန်ကြီးဦးလှမိုးနှင့်ဇနီး အမှူးရှိသည့် ဧည့်ပရိသတ်အပေါင်းတို့က လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းကြသည်။

          ယင်းနောက် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁၆) ၌ ရေစက်ချ အနု မောဒနာတရား နာကြားခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ ဦးစွာဧည့်ပရိသတ် အပေါင်းက နမောတဿ (၃) ကြိမ်ရွတ်ဆို၍ အခမ်းအနားကိုဖွင့်လှစ်ပြီး သီရိဂန္ဓမာသပြေအေး မိုးကုတ်ဝိပဿနာ ကျောင်းတိုက်ဆရာတော် ဦးဂန္ဓမာလာထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။ ထို့နောက် သံဃာတော်အရှင်သူမြတ်တို့မှ ရွတ်ပွားသရစ္ဇျာယ်သော မေတ္တာသုတ် ပရိတ်တရားတော်များအား နာယူကြည်ညိုကြပြီး နိုင်ငံတော်ကောင်စီဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ဒုတိယဝန်ကြီးများနှင့်ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးဦးလှမိုးနှင့်ဇနီး အမှူးရှိသည့် ပရိသတ်များက ဆရာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုအစုစု ဆက်ကပ်လှူဒါန်းကြသည်။ သီရိဂန္ဓမာ သပြေအေး မိုးကုတ်ဝိပဿနာကျောင်းတိုက်ဆရာတော် ဦးဂန္ဓမာလာထံမှ အနုမောဒနာတရား နာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။ ထို့နောက် ဗုဒ္ဓသာသနံ စိရံတိဌတု (၃) ကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

          သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ တတိယအကြိမ် စုပေါင်းရဟန်းခံရှင်ပြု အလှူတော်မင်္ဂလာအောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး အမှူးရှိသည့် အကြီးအကဲများက ရတနာရွှေမိုးငွေမိုးများ ရွာသွန်းဖြိုးခဲ့ကြသည်။ ထို့နောက် ဆရာတော်အရှင် သူမြတ်တို့အား နေ့ဆွမ်းနှင့်လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းခဲ့ပြီး ဧည့်ပရိတ်သတ်များအား နေ့လည်စာဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြသည်။

          သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့် တတိယအကြိမ် ဝန်ထမ်းမိသားစုများ စုပေါင်းရဟန်းခံ ရှင်ပြုအလှူတော်မင်္ဂလာတွင် ဒုလ္လဘရဟန်း (၇၄) ပါး၊ ရှင်သာမဏေ (၂၂) ပါးနှင့် သီလရှင်အပါး (၃၀) ပါး၊ စုစုပေါင်း (၁၂၆) ပါးတို့အား သာသနာ့ဘောင်သို့ သွတ်သွင်းခဲ့ကြောင်း သတင်းရရှိပါသည်။

HOT NEWS
January 4,