သံနှင့် သံမဏိပစ္စည်းများ၏ စံချိန်စံညွှန်းများနှင့်ပတ်သက်သည့် အသိပညာပေးဆွေးနွေးပွဲ ကျင်းပ
သံနှင့် သံမဏိပစ္စည်းများ၏ စံချိန်စံညွှန်းများနှင့်ပတ်သက်သည့် အသိပညာပေးဆွေးနွေးပွဲ ကျင်းပ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / May 25, 2025

နေပြည်တော် မေ ၂၄
သံနှင့် သံမဏိပစ္စည်းများ၏ စံချိန်စံညွှန်းများနှင့် ပတ်သက်သည့် အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့ရှိ မန္တလေးတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနရုံး၌ ကျင်းပသည်။
အခမ်းအနားသို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ မန္တလေး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ စက်မှုဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံ သံနှင့် သံမဏိအသင်းဥက္ကဋ္ဌ မှော်ဘီနည်းပညာတက္ကသိုလ် ပါမောက္ခချုပ်၊ စစ်ကိုင်းနည်းပညာတက္ကသိုလ် မြို့ပြအင်ဂျင်နီယာဌာန ပါမောက္ခ/ဌာနမှူး၊ ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးတို့မှ သံ၊ သံမဏိ ထုတ်လုပ်သည့် လုပ်ငန်းရှင်များနှင့် တာဝန်ရှိသူ များ တက်ရောက်သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက စက်မှုဝန်ကြီးဌာနတွင် မှတ်ပုံတင်ထားသည့် ပုဂ္ဂလိက သံနှင့် သံမဏိ စက်ရုံများအနေဖြင့် ဆောက်လုပ်ရေးသုံး သံချောင်းလုံးစက်ရုံ ၅၆ ရုံ၊ အိမ်ရိုက်သံ ထုတ်လုပ်သည့် စက်ရုံရှစ်ရုံ၊ အခြားဆောက်လုပ်ရေးလုပ်ငန်းသုံး သံထည်ပစ္စည်း စက်ရုံ ၂၀ ရှိကြောင်း၊ သံနှင့် သံချောင်းလုံးများ၏ အရည်အသွေးကောင်းမွန်မှသာ သုံးစွဲသူများ ဘေးအန္တရာယ်ဖြစ်ပွားမှု ကင်းဝေးမည်ဖြစ်ကြောင်း၊ အသိပညာပေးဆွေးနွေးပွဲမှ ပြည်တွင်း၌ အရည်အသွေးကောင်းမွန်သည့် သံနှင့် သံမဏိများ ထုတ်လုပ်နိုင်ရန်အတွက် လိုအပ်သည့် အသိပညာ၊ ဗဟုသုတများရရှိမည်ဟု ယုံကြည် ကြောင်း ပြောကြားသည်။
ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြည်သူ များ အရည်အသွေးကောင်းမွန်သည့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ သုံးစွဲနိုင်ရေး လုပ်ငန်းရှင်များက ထုတ်လုပ်ပေးနိုင်ရေး စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်များကြောင့် တိုင်းပြည်နစ်နာဆုံးရှုံးမှု မရှိစေရေးအတွက် အားလုံးပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ သံနှင့် သံမဏိအသင်းဥက္ကဋ္ဌ မှော်ဘီနည်းပညာတက္ကသိုလ် ပါမောက္ခ ချုပ်က “သံနှင့် သံမဏိ စံချိန်စံညွှန်းများဆိုင်ရာ အသိပညာပေးခြင်း”၊ စစ်ကိုင်းနည်းပညာတက္ကသိုလ် မြို့ပြအင်ဂျင်နီယာဌာန ပါမောက္ခ/ ဌာနမှူးက “တည်ဆောက်ရေးလုပ်ငန်းများအတွက် သံချောင်း များ၏ အရေးပါပုံ” ၊ အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း ဒုတိယအထွေထွေမန်နေဂျာက “မြန်မာ နိုင်ငံရှိ နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင် သံမဏိစက်ရုံများ၏ အခွင့်အလမ်းနှင့် စိန်ခေါ်မှုများ” ၊ ရေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးက “ငလျင်ဒဏ်ခံ သံမဏိ၊ ဘေးကင်းမှုနှင့် တည်ငြိမ်မှုကို ပိုမိုကောင်းမွန်စေခြင်း” စသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးကြပြီး တက်ရောက်လာသည့် သံ၊ သံမဏိထုတ်လုပ်သူလုပ်ငန်းရှင်များက သံ၊ သံမဏိများ ထုတ်လုပ်နေမှု၊ အရည်အသွေး ပြည့်မီရေးအတွက် ဆောင်ရွက်နေမှုအခြေအနေတို့ကို ရှင်းလင်း တင်ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက သံနှင့် သံမဏိပစ္စည်းများ၏ စံချိန်စံညွှန်းများနှင့် ပတ်သက်သည့် အသိပညာပေးဆွေးနွေးပွဲတွင် တက်ရောက်ဆွေးနွေးခဲ့သည့် ပညာရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကာ နိဂုံးချုပ်အမှာစကား ပြောကြားသည်။
ညနေပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည် ပြင်ဦးလွင်မြို့ရှိ သုတေသနဌာနခွဲ (ပြင်ဦးလွင်) သို့ ရောက်ရှိပြီး အထက်မြန်မာပြည်ရှိ MSME များမှ ထုတ်လုပ်သော စားသောက်ကုန်ပစ္စည်းများ၊ စက်မှု လုပ်ငန်းများမှ ထွက်ရှိသည့် စွန့်ပစ်ရေများကို စမ်းသပ်စစ်ဆေးရန်နှင့် စားသောက်ကုန် ထုတ်လုပ် သူများအား နည်းပညာများ ဖြန့်ဝေပေးနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်နေမှု၊ ဓာတ်ခွဲခန်းသုံးစက်ပစ္စည်းကိရိယာများ အထိုင်ချတပ်ဆင်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး MSME များမှ ထုတ်လုပ်သော စားသောက်ကုန်ပစ္စည်းများကို စမ်းသပ်စစ်ဆေးပေးနိုင်ရေးအတွက် သုတေသနဌာနခွဲ (ပြင်ဦးလွင်) ကို အမြန်ဆုံး ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်