သွားလာမှုအဆင်ပြေချောမွေ့ရေး အများပြည်သူပို့ဆောင်ရေးဦးစားပေး

သွားလာမှုအဆင်ပြေချောမွေ့ရေး အများပြည်သူပို့ဆောင်ရေးဦးစားပေး


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / March 26, 2026
image_latest


စက်သုံးဆီများ ဖူလုံစွာရရှိရေးနှင့် သုံးစွဲမှုများစနစ်တကျဖြစ်စေရေး အစည်းအဝေးကို မတ် ၂၄ ရက်က ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားခဲ့ရာ “ပြည်တွင်းစက်သုံးဆီသုံးစွဲမှုကို အကောင်းဆုံးစီမံခန့်ခွဲနိုင်ရန်လိုပြီး အရန်စက်သုံးဆီများကို သိုလှောင်ထားရှိနိုင်ရန်နှင့် ချွေတာသုံးစွဲနိုင်ရေး ဆောင်ရွက်သွားကြရန်လိုကြောင်း” မှာကြားခဲ့သည်။

ထို့အပြင် “စက်သုံးဆီများကို အမှန်တကယ်အသုံးပြုသည့် ပြည်သူများလက်ဝယ်သို့ ရောက်ရှိစေရေးနှင့် မှောင်ခိုရောင်းဝယ်မှုများမရှိစေရေး၊ မသမာမှုပြုလုပ်ရောင်းဝယ်နေမှုများကို ထိထိရောက်ရောက် ဖော်ထုတ်အရေးယူဆောင်ရွက်သွားရန်လိုကြောင်း၊ မိမိတို့နိုင်ငံနှင့် မိတ်ဖက်နိုင်ငံများမှ စက်သုံးဆီများ ဝယ်ယူရရှိနိုင်ရေး ချိတ်ဆက်ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ မီးရထားခရီးစဉ်များ၊ အဝေးပြေးဘတ်စ်ကားခရီးစဉ်များအစရှိသည့် အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးလုပ်ငန်းများအတွက် လိုအပ်သည့်စက်သုံးဆီများကို မဖြစ်မနေ ဖြည့်တင်းဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း” လမ်းညွှန်မှာကြားခဲ့သည်။

ဖြစ်ပွားလျက်ရှိသော အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခများကြောင့် စက်သုံးဆီရှားပါးမှုကို နိုင်ငံတိုင်းတွင် ကြုံတွေ့နေရပြီး မြန်မာနိုင်ငံအနေဖြင့်လည်း အဆိုပါအခက်အခဲကို ကျော်လွှားဖြေရှင်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ စက်သုံးဆီသုံးစွဲမှုကိုလျှော့ချနိုင်ရန်အတွက် မကြာမီကာလက မော်တော်ယာဉ်များ၊  မော်တော်ဆိုင်ကယ်များသုံးစွဲမှုနှင့် ဆီဖြည့်တင်းမှုကို စုံ / မ အလှည့်ကျစနစ်ဖြင့်ဆောင်ရွက်ခြင်း၊ QR Code အသုံးပြု၍ ဆီဖြည့်ခြင်းစနစ်ဆောင်ရွက်ခြင်း၊ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း အစိုးရရုံးဌာနများ၏ ရုံးလုပ်ငန်းများကို နေအိမ်မှသာဆောင်ရွက်ခြင်း၊ မကြာမီတွင် မော်တော်ယာဉ်အင်ဂျင်ပါဝါအပေါ်မူတည်၍ တစ်ပတ်လျှင်တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် ဆီဖြည့်သွင်းခြင်းစနစ်တို့ကို စီမံဆောင်ရွက်လျက်ရှိသည်။

အခက်အခဲအကျပ်အတည်းဖြစ်ပေါ်ချိန်တွင် မသမာမှုများဖြစ်ပေါ်လေ့ရှိရာ စက်သုံးဆီအကျပ်အတည်းကိုအကြောင်းပြု၍ မမှန်မကန်ရောင်းချခြင်း၊ စက်သုံးဆီကို အမှန်တကယ်သုံးစွဲရန်အတွက်မဟုတ်ဘဲ အခွင့်အရေးတစ်ရပ်အနေဖြင့် အရယူပြီး သိုလှောင်ထားရှိခြင်း၊ မှောင်ခိုရောင်းချခြင်း၊ ဆီတိုင်ကီများဖြင့် တရားမဝင်သယ်ယူပို့ဆောင်ရောင်းချခြင်း စသည့်မသမာမှုများကို သက်ဆိုင်ရာအဖွဲ့အစည်းများက ထိထိရောက်ရောက် ဖော်ထုတ်အရေးယူဆောင်ရွက်ကြရမည်ဖြစ်သည်။

ယခုကဲ့သို့ အခက်အခဲဖြစ်ပေါ်ချိန်တွင် စက်သုံးဆီအကျိုးအမြတ်အတွက် တရားဝင်ယာဉ်များသာမက တရားမဝင်ယာဉ်များပါပေါ်ထွက်လာသည်။ ထို့ကြောင့် ယာဉ်များနှင့်ပတ်သက်၍လည်းကောင်း၊ စက်သုံးဆီနှင့် ပတ်သက်၍လည်းကောင်း ကြပ်မတ်စိစစ်ဖော်ထုတ်ပြီး ထိထိရောက်ရောက် အရေးယူဆောင်ရွက်ရမည်သာဖြစ်သည်။ အဓိကမှာ စက်သုံးဆီနှင့်ပတ်သက်၍လည်းကောင်း၊ မော်တော်ယာဉ်နှင့် ပတ်သက်၍လည်းကောင်း အများပြည်သူသွားလာမှုအဆင်ပြေစေရန်အတွက် နိုင်ငံတော်က အလေးထားစီမံဆောင်ရွက်ပေးနေခြင်းဖြစ်သည်။ ယင်းအပေါ် အခွင့်အရေးအဖြစ်၊ အကျိုးစီးပွားအဖြစ် အသုံးချမှုများကို ဖော်ထုတ်အရေးယူရမည်ဖြစ်သည်။

ယခုကဲ့သို့ အချိန်အခါတွင် နိုင်ငံတော်အနေဖြင့် အများပြည်သူပို့ဆောင်ရေးလုပ်ငန်းများ အခက်အခဲမရှိစေရန် ဦးစားပေးဆောင်ရွက်နေသည်ကိုတွေ့ရမည်ဖြစ်သည်။ မီးရထားခရီးစဉ်များကို နယ်မြေဒေသအခြေအနေများအလိုက် တိုးချဲ့ပြေးဆွဲပေးခြင်းဖြင့် အများပြည်သူခရီးသွားလာမှုနှင့် ကုန်စည်ပို့ဆောင်မှုများကို အဆင်ပြေချောမွေ့စေမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် အလွန်ဝေးလံပြီး မော်တော်ယာဉ်ဖြင့် သွားလာရန်ခက်ခဲသောဒေသများသို့ လေကြောင်းခရီးစဉ်များဖြင့် အဆင်ပြေအောင်ဆောင်ရွက်ပေးလျက်ရှိသည်။ အခြားသွားလာရန်ခက်ခဲသည့် ဒေသများသို့လည်း ဒုတိယဦးစားပေးအစီအစဉ်ဖြင့် ဆောင်ရွက်ပေးလျက်ရှိသည်။ သွားလာမှုခက်ခဲလျှင် ကုန်ဈေးနှုန်းများ မြင့်မားလာတတ်သဖြင့် သယ်ယူပို့ဆောင်ရေးစနစ်ကို မလစ်ဟင်းအောင်ဆောင်ရွက်ပေးလျက်ရှိသည်။

မကြာမီကာလတွင် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကာလသို့ ရောက်ရှိတော့မည်ဖြစ်ရာ မော်တော်ယာဉ်သုံးစွဲမှုရှိလာမည်ဖြစ်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့ကြီးများနှင့် မြို့နယ်များတွင် လမ်းလျှောက်သင်္ကြန်အဖြစ် သတ်မှတ်ကျင်းပပေးနိုင်ပါက လျော်ကန်သင့်မြတ်ပေသည်။ သို့ဖြစ်ရာ ဖြစ်ပေါ်နေသောအခြေအနေအရပ်ရပ်တို့အရ စက်သုံးဆီသုံးစွဲမှုကို လျှော့ချနိုင်ရန်အတွက် နိုင်ငံတော်အစိုးရအနေဖြင့် ပိုမိုကောင်းမွန်သော အစီအမံအမျိုးမျိုးကို စနစ်တကျဆောင်ရွက်လျက်ရှိရာ စက်သုံးဆီနှင့်ပတ်သက်၍ ကိုယ်ကျိုးစီးပွားအမြတ်ထုတ်မှုများကို ရှောင်ရှားပြီး အများပြည်သူ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ အဆင်ပြေချောမွေ့အောင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။