ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတွင် ခရီးသွားလုပ်ငန်းကော်မတီ (၁/၂၀၂၆)ကြိမ်မြောက် အစည်းအဝေးကျင်းပ
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတွင် ခရီးသွားလုပ်ငန်းကော်မတီ (၁/၂၀၂၆)ကြိမ်မြောက် အစည်းအဝေးကျင်းပ
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန/ နေပြည်တော် / February 26, 2026
နေပြည်တော်၊ ဖေဖော်ဝါရီလ (၂၅)ရက်
ခရီးသွားလုပ်ငန်းကော်မတီ၏ (၁/၂၀၂၆) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်း တွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ကျောက်စိမ်းခန်းမ၌ ကျင်းပပြုလုပ်ရာ အမျိုးသား ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ ဒုတိယဥက္ကဌ၊ ခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် တက်ရောက်အမှာစကားပြောကြားပါသည်။
အစည်းအဝေးသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ ခရီးသွားလုပ်ငန်းကော်မတီဝင် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ ဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် အရာရှိကြီးများ၊ ကော်မတီဝင်ခရီးသွားလုပ်ငန်း တတ်သိ ပညာရှင်များနှင့် ပုဂ္ဂလိကခရီးသွားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက in person စနစ်ဖြင့် တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ရုံးခွဲများမှ ရုံးခွဲတာဝန်ခံများက online မှ ပါဝင်တက်ရောက်ကြပါသည်။
အစည်းအဝေးတွင် ခရီးသွားလုပ်ငန်းကော်မတီဥက္ကဌ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် က အဖွင့်အမှာစကားပြောကြားရာ၌ ယနေ့အစည်းအဝေးအား ယခင်ကျင်းပပြုလုပ်ခဲ့ သည့် အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီနှင့် ခရီးသွားလုပ်ငန်း ကော်မတီအစည်းအဝေးတို့မှ လမ်းညွှန်ချက်များ၊ ဆုံးဖြတ်ချက်များအပေါ် အကောင်အထည် ဖော်ဆောင်ရွက်ပြီးစီးမှုများနှင့် ဆက်လက်ဆောင်ရွက်ရန်ကိစ္စရပ်များကို သုံးသပ်ညှိနှိုင်း ဆွေးနွေးရန် ကျင်းပပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ ကော်မတီဝင်များအနေဖြင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သင့်သည်များကို ဆွေးနွေးဖော်ထုတ် ကြစေလိုပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ကဏ္ဍစနစ်တကျ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့် အမျိုးသား ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီတို့၏လမ်းညွှန်မှု၊ ဆက်စပ်ဝန်ကြီးဌာနများနှင့် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီများ၏ ပံ့ပိုးကူညီဆောင်ရွက်ပေးမှုများဖြင့် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့အနေဖြင့် ကမ္ဘာလုံးဆိုင်ရာ ခရီးသွားလုပ်ငန်းမှာ ၂၀၂၆ ခုနှစ်တွင် ၂၀၂၅ ခုနှစ်ထက်တိုးတက်လာမည်ဟု ခန့်မှန်းထားရှိသည့် အတွက် မြန်မာနိုင်ငံအနေဖြင့်လည်း ပြည်ပခရီးသွားဧည့်သည်များ ပိုမိုတိုးတက်ရရှိစေရေး အတွက် ကြိုးစားဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း။
-၂-
ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတကာခရီးသွားဧည့်သည်များ ပိုမိုလာရောက်လည်ပတ်စေရန် မြန်မာနိုင်ငံ၏ အဓိကခရီးသွားစျေးကွက်ဝင်နိုင်ငံများနှင့် နှစ်နိုင်ငံမိတ်ဖက်ဆက်ဆံရေး ကောင်းမွန် သောနိုင်ငံများ မှ ကမ္ဘာလှည့်ခရီးသည်များ အတွက် ဆိုက်ရောက်ဗီဇာ (ကမ္ဘာလှည့်) Tourist Visa on Arrival များ ခွင့်ပြုပေးနိုင်ရေးအတွက် ဆက်စပ်ဌာနများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ခဲ့ ပါကြောင်း၊ ခရီးသွားလုပ်ငန်းများ ဖော်ဆောင်သည့်နေရာတွင် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံပြီး ပူးပေါင်းဆောင်ရွက်မှုများမှာလည်း အရေးကြီးပါကြောင်း၊ ကုလသမဂ္ဂ ခရီးသွားလုပ်ငန်းအဖွဲ့ (UN Tourism)၊ အာဆီယံ၊ မဟာမဲခေါင်ဒေသခွဲအစရှိသော ဒေသတွင်း ခရီးသွားလုပ်ငန်းအဖွဲ့အစည်းများ၊ အာဆီယံ စင်တာများ၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက် ရေးအစီအစဉ်များတွင် စဉ်ဆက်မပြတ် တက်ကြွစွာ လိုက်ပါဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတွင် ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့၌ ကျင်းပပြုလုပ်ခဲ့သော အာဆီယံ ခရီးသွားလုပ်ငန်းစံနှုန်းဆုပေးပွဲတွင် မြန်မာနိုင်ငံမှ အာဆီယံ ခရီးသွားလုပ်ငန်းစံနှုန်းဆု (၂၄) ဆု ရရှိခဲ့မှုသည် အာဆီယံနိုင်ငံများနှင့်ပူးပေါင်းဆောင်ရွက်မှု၏ ရလဒ်ကောင်းဖြစ်ပါကြောင်း၊ အာဆီယံ အဆင့်ပေးအပ်သောဆုများကို ဝင်ရောက်ယှဉ်ပြိုင်စေခြင်းဖြင့် ဝန်ဆောင်မှုအရည်အသွေးများ အဆင့်အတန်း မြင့်မားလာရေးကို အထောက်အကူပြုစေမည်ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံ အနေဖြင့် မဲခေါင်ခရီးသွားလုပ်ငန်းဖိုရမ်-၂၀၂၆နှင့် ဆက်စပ်အစည်းအဝေးများ ကို ၂၀၂၆ ခုနှစ်အတွင်း အိမ်ရှင်အဖြစ်လက်ခံ ကျင်းပပြုလုပ်သွားရန် စီစဉ်ထားရှိပါကြောင်း၊ ပြည်ပခရီးသွား ပိုမိုဝင်ရောက်လာရေးအတွက် နှစ်နိုင်ငံခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်များအပြင် ရင်းနှီးကျွမ်းဝင်မှုခရီးစဉ်များ (FAM Trip) ကိုလည်း စီစဉ်ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ပြည်ပနိုင်ငံများတွင် ခရီးသွားဈေးကွက်မြှင့်တင် နိုင်ရေးအတွက် သက်ဆိုင်ရာ အသင်းအဖွဲ့များနှင့်ပူးပေါင်း၍ နိုင်ငံတကာခရီးသွားပြပွဲများတွင် မြန်မာနိုင်ငံကိုယ်စားပြုခရီးသွားပြခန်းများကို ပါဝင်ပြသလျက်ရှိပါကြောင်း။
ဝန်ကြီးဌာနမှဆောင်ရွက်လျက်ရှိသည့် ခရီးသွားလုပ်ငန်းဆိုင်ရာ နည်းပညာအခြေခံသော စနစ်များအောင်မြင်အောင် အကောင်အထည်ဖော် ဆောင်နိုင်ရေးအတွက် ဒေသဆိုင်ရာ ခရီးသွား လုပ်ငန်းကော်မတီများက ဦးဆောင်ပြီး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကြစေလိုပါကြောင်း၊ ဝန်ကြီးဌာနမှ ဖွင့်လှစ်ပေးလျက်ရှိသော ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးတိုးတက်ရေးသင်တန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ကျယ်ကျယ် ပြန့်ပြန့် ဖွင့်လှစ်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးကြစေလိုပါကြောင်း၊ ထို့အပြင် ဝန်ကြီး ဌာနမှ ဆောင်ရွက်လျက်ရှိသော ခရီးသွားလုပ်ငန်းနှင့် ဧည့်ဝန်ဆောင်မှုဆိုင်ရာ သင်တန်း/
-၃-
သင်တန်းကျောင်း အသိအမှတ်ပြုမှုအစီအစဉ် (Accreditation Program) များတွင် ပုဂ္ဂလိက ကဏ္ဍမှ ပူးပေါင်းပါဝင်လာကြရေးအတွက် တွန်းအားပေးဆောင်ရွက်ပေးကြစေလိုပါကြောင်း၊ ဒေသအလိုက် ထုတ်ကုန်များနှင့် ဒေသထွက်အစားအစာများကို ခရီးသွားဆွဲဆောင်မှုများနှင့် တွဲဖက်ပြီး မြှင့်တင်ကြော်ငြာနိုင်ရေးအတွက် ဝိုင်းဝန်းကြိုးစား ဆောင်ရွက်ကြရမည်ဖြစ်ပါ ကြောင်း၊ အစည်းအဝေးသို့ တက်ရောက်လာကြသော ကော်မတီဝင်များအနေဖြင့် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ ပိုမိုတိုးတက်ကောင်းမွန်လာစေရေးအတွက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြစေလိုပါကြောင်း တိုက်တွန်းပြောကြားပါသည်။
ဆက်လက်၍ ကော်မတီအတွင်းရေးမှူး၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ယခင်ခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်များ အပေါ် ဆောင်ရွက်ပြီးစီးမှုများနှင့် ကော်မတီမှဆုံးဖြတ်ပေးရန် အမှာစာများအားဖတ်ကြားတင်ပြပါသည်။ ယင်းနောက် တက်ရောက်လာကြသည့် ကော်မတီဝင် နေပြည်တော်ကောင်စီနှင့် တိုင်း ဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ခရီးသွားလုပ်ငန်းတတ်သိပညာရှင်များ၊ ပုဂ္ဂလိက ခရီးသွားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အလိုက် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုအခြေအနေများ၊ ဟိုတယ်နှင့် ခရီးသွားဆိုင်ရာ လုပ်ငန်းလိုင်စင်များထုတ်ပေးထားရှိမှုနှင့် ခရီးသွားဧည့်သည်ဝင်ရောက်မှု အခြေ အနေများ၊ ခရီးစဉ်ဒေသအသစ်များနှင့် ခရီးသွားဆွဲဆောင်ရာနေရာများ ဖော်ထုတ်ဆောင်ရွက်မှု အခြေအနေများ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဈေးကွက်မြှင့်တင်ရေးဆောင်ရွက်မှုအခြေအနေ များနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီး ဆွေးနွေးတင်ပြခဲ့ကြပြီး အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် မြန်မာနိုင်ငံခရီးသွား လုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌတို့က ဖြည့်စွက်ဆွေးနွေးတင်ပြကြပါသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးက မြန်မာနိုင်ငံ၏ခရီးစဉ်ဒေသများ ရေရှည်တည်တံ့ ခိုင်မြဲရေးနှင့် ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များ ပိုမိုလာရောက်လည်ပတ်နိုင်ရေး၊ ခရီးသွား ဈေးကွက်မြှင့်တင်ရေး၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍလူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးသွားလုပ်ငန်းအခြေခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို သုံးသပ်ဆွေးနွေး တင်ပြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
Source From:Kye Mon
