အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲ ကျင်းပ

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲ ကျင်းပ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / July 03, 2024
image_latest


နေပြည်တော် ဇူလိုင် ၂

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် စုပေါင်းခန်းမ၌ကျင်းပရာ အခမ်းအနားသို့ ကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ အရာထမ်းများ၊ အမှုထမ်းများနှင့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့ကြသည့် ဝန်ထမ်းသားသမီးများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးက ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုအောင်မြင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူများအနေဖြင့် မိမိတို့ အနာဂတ်ရည်မှန်းချက်များ အောင်မြင်စေရန်အတွက် ဆက်လက်ကြိုးပမ်း အားထုတ်ကြရန် လိုအပ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် တစ်မျိုးသားလုံး ပညာရည်မြင့်မားရေးအတွက် အမျိုးသားရေးမျှော်မှန်းချက်ကိုချမှတ်၍ ခေတ်နှင့်လျော်ညီသည့် ပညာရေးပြုပြင်ပြောင်းလဲမှုများအဖြစ် စီမံကိန်းများ စနစ်တကျ ချမှတ်အကောင်အထည်ဖော်လျက်ရှိပါကြောင်း၊ ဗလငါးတန်ပြည့်ဝပြီး အသိဉာဏ်ပြည့်စုံသည့် လူငယ်များသည် နိုင်ငံ၏အနာဂတ်အင်အားများဖြစ်ပါကြောင်း၊ ဗလငါးတန်အနက် စာရိတ္တဗလ ပြည့်စုံပါက နိုင်ငံဘက်စုံ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါကြောင်း၊ စာရိတ္တဗလဖြစ်သည့် ဖြောင့်မတ်တည်ကြည်မှုသည် နေရာတိုင်း၊ ကဏ္ဍတိုင်းတွင် လိုအပ်ပါကြောင်း၊ လူငယ်များအနေဖြင့် ခေတ်မီပညာရပ်များကိုလေ့လာ၍ ကမ္ဘာနှင့်ရင်ပေါင်တန်းနိုင်အောင် ကြိုးစားရန် လိုအပ်သည့်အပြင် မိမိဘဝ တိုးတက်မြင့်မားစေရန် ဘက်စုံပံ့ပိုးပေးကြသည့် မိဘများ၏ ကျေးဇူးတရားကို မမေ့လျော့စေရန်၊ မိမိနိုင်ငံကို ချစ်ခင်လေးစား စိတ်ထားရှိကြရန်၊ မိမိကြောင့် မိမိနိုင်ငံ ဂုဏ်ယူရလောက်သည်အထိ ကြိုးစားကြရန်လိုအပ်ကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် ကော်မရှင်ဥက္ကဋ္ဌက ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ၌ ခြောက်ဘာသာဂုဏ်ထူးရရှိခဲ့သည့် ကျောင်းသားတစ်ဦးနှင့် နှစ်ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သူ ကျောင်းသားနှစ်ဦးကို ဆုချီးမြှင့်ခြင်း၊ ဆက်လက်၍ ကော်မရှင်အတွင်းရေးမှူး ဦးတင်ဆွေဝင်းက ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ၌ တစ်ဘာသာဂုဏ်ထူး ရရှိခဲ့သည့် ကျောင်းသူတစ်ဦးနှင့် ရိုးရိုးအောင်မြင်ခဲ့သူလေးဦးကို ဆုများပေးအပ်ချီးမြှင့်ကာ ကော်မရှင်အဖွဲ့ဝင် ဦးမောင်မောင်တင့်က ကော်မရှင်ရုံးဝန်ထမ်းများ၏ သားသမီးများအနက်မှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် အခြေခံပညာအဆင့်မှ တက္ကသိုလ်အဆင့်အထိ တက်ရောက်သင်ကြားနေ သည့် ကျောင်းသား ကျောင်းသူများအတွက် ပညာသင်ထောက်ပံ့ကြေးကို ဌာနတာဝန်ခံများသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်