အွန်လိုင်းလိမ်လည်မှုနှင့်လောင်းကစားမှု ထိထိရောက်ရောက်အရေးယူနှိမ်နင်း

အွန်လိုင်းလိမ်လည်မှုနှင့်လောင်းကစားမှု ထိထိရောက်ရောက်အရေးယူနှိမ်နင်း


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / February 07, 2025
image_latest


မြန်မာနိုင်ငံနိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို အလေးထားဆောင်ရွက်လျက်ရှိသည်။ လတ်တလောတွင် အချို့သောနယ်စပ်ဒေသများ၌ ဖြစ်ပေါ်နေသော အခြေအနေများကို အခွင့်ကောင်းယူပြီး ပြည်ပနိုင်ငံသားအချို့သည် EAO လက်နက်ကိုင်အဖွဲ့များအပါအဝင် ဆက်စပ်နေရာများမှ ကိုယ်ကျိုးစီးပွားရှာဖွေနေသူများ၏ ပါဝင်ပတ်သက်မှုများဖြင့် အွန်လိုင်းလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများကို ကျယ်ပြန့်စွာဆောင်ရွက်လျက်ရှိသဖြင့် စိစစ်ဖော်ထုတ်ခြင်းနှင့် ပြန်လည်လွှဲပြောင်းခြင်းလုပ်ငန်းစဉ်များကို အလေးထားဆောင်ရွက်လျက်ရှိသည်။

အွန်လိုင်းလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများ ကျူးလွန်နေကြသူများသည် နယ်မြေဒေသတည်ငြိမ်အေးချမ်းမှုမရှိသဖြင့် တရားဥပဒေစိုးမိုးရေးအဖွဲ့များနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ အပြည့်အဝစိုးမိုးအုပ်ချုပ်ရန် အခက်အခဲနှင့် အကန့်အသတ်ရှိသည့်ဒေသများကို ပစ်မှတ်ထား၍ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့အပါအဝင် လက်နက်ကိုင်အဖွဲ့များ၊ ကိုယ်ကျိုးစီးပွားရှာသူများနှင့် ပူးပေါင်းလုပ်ဆောင်လျက်ရှိရာ နိုင်ငံတော်အနေဖြင့် အိမ်နီးချင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ စုံစမ်းဖော်ထုတ် အရေးယူဆောင်ရွက်မှုများကို ပြတ်ပြတ်သားသားဆောင်ရွက်နေသည်။

တရားမဝင်အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှု (ကျားဖြန့်) ကို အကြောင်းပြု၍ နိုင်ငံတော်တွင် အခက်အခဲများ၊ အနှောင့်အယှက်များ ကြုံတွေ့ရသကဲ့သို့ အပြစ်မဲ့ပြည်သူများသားကောင်ဘဝသို့ ရောက်ကြရသည်။ အဆိုပါ ပြည်တွင်း၊ ပြည်ပမှ ပြည်သူများအား ကူညီကယ်ဆယ်ဖြေရှင်းပေးနိုင်ရန် ထိထိရောက်ရောက်အရေးယူမှုများ ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတကာတွင်လည်း အဆိုပါကိစ္စနှင့်ပတ်သက်၍ အထူးအာရုံစိုက်မှုရှိနေသောကြောင့် နိုင်ငံတော်အစိုးရသည် နိုင်ငံတကာနှင့်ပူးပေါင်း၍ အဆိုပါဒုစရိုက်မှုနှိမ်နင်းရေးလုပ်ငန်းများကို တက်တက်ကြွကြွ ကျယ်ကျယ်ပြန့််ပြန့်ဆောင်ရွက်နေသည်။ အွန်လိုင်းလိမ်လည်မှု၊ လောင်းကစားမှုများနှင့်ပတ်သက်၍ အဓိကကျပြီး ထင်ရှားနာမည်ကြီးနေသည့် နယ်စပ်ဒေသများတွင် နှိမ်နင်းလျက်ရှိသော်လည်း ပြည်တွင်း၌ အဆိုပါအမှု အကြီးအငယ်များရှိနေသည်ကိုလည်း သတိပြုရဦးမည်ဖြစ်သည်။

အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများသည် အများပြည်သူအသုံးပြုသည့် အင်တာနက်လူမှုကွန်ရက်များကိုအသုံးပြု၍ အများပြည်သူစိတ်ဝင်စားသည့် အကြောင်းကိစ္စများ၊ လုပ်ငန်းများ၊ အလုပ်အကိုင်များ၊ ထုတ်ကုန်ပစ္စည်းများ၊ ဖျော်ဖြေရေးအစီအစဉ်များကိုအကြောင်းပြု၍ ပြည်သူများ၏ငွေကြေးများကို လိမ်လည်လှည့်ဖြားခြင်း၊ လှည့်ပတ်ရယူခြင်းတို့ ပြုလုပ်နေကြသဖြင့် ပြည်သူများမှာ အွန်လိုင်းပေါ်တွင် ငွေကြေးလိမ်လည်ခံကြရပြီး အခက်အခဲဒုက္ခများ၊ စိတ်သောကများ ရောက်ကြရသည်ဟု မကြာခဏကြားသိနေရသည်။ အွန်လိုင်းပေါ်တွင် နေရပ်လိပ်စာအတု၊ လုပ်ငန်းအတုများဖြင့် ပြည်သူများအားမက်လုံးပေးပြီး လိမ်လည်လှည့်ဖြားနေသည်မှာကြာပြီဖြစ်သည်။ အွန်လိုင်းပေါ်တွင်ဖြစ်သဖြင့် စိစစ်ဖော်ထုတ် ရန်အခက်အခဲရှိသည်ကိုအကြောင်းပြု၍ လိမ်လည်မှုဒုစရိုက်လုပ်ငန်းများမှာ ကျယ်ပြန့်လာသည့်သဘောရှိသည်။

ထို့ပြင် မူးယစ်ဆေးဝါးအမှုများ၊ အခြားဒုစရိုက်မှုများ၊ ညစ်ညမ်းဖျော်ဖြေတင်ဆက်မှုများကိုလည်း အွန်လိုင်းပေါ်တွင် မကြာခဏတွေ့မြင်နေရသည်။ အွန်လိုင်း ပေါ်တွင်ဖြစ်၍ အဆိုပါဒုစရိုက်မှုများမှာ လွတ်ကင်းနေသလိုဖြစ်နေသည်။ ထို့ကြောင့် “တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်၊ သက်ဆိုင်ရာနယ်မြေဒေသများအလိုက် တာဝန်ရှိသူအဆင့်ဆင့်အနေဖြင့် မိမိတို့ဒေသများအတွင်း တရားမဝင်အွန်လိုင်းလောင်းကစားမှုနှင့် ငွေကြေးလိမ်လည်မှုလုပ်ငန်းများ၊ အခြားဒုစရိုက်လုပ်ငန်းများ မရှိစေရေးနှင့် မဖြစ်ပေါ်စေရေး ဖော်ထုတ်အရေးယူခြင်းများဖြင့် တင်းတင်းကျပ်ကျပ် ပြတ်ပြတ်သားသား ကိုင်တွယ်ဆောင်ရွက်သွားကြရန် မဖြစ်မနေလိုအပ်ကြောင်း၊ ၎င်းအမှုများအပြင် မူးယစ်ဆေးဝါးကိစ္စများနှင့် အခြားဒုစရိုက်မှုများ၌ ပါဝင်ဆောင်ရွက် နေသူများအပြင် သက်ဆိုင်ရာနယ်မြေအလိုက် တာဝန်ရှိသူများ ပတ်သက်နေမှုများရှိပါက အားလုံးကိုထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်သဖြင့် အလေးထားလိုက်နာဆောင်ရွက်သွားရန်လိုကြောင်း” ဖေဖော်ဝါရီလ ၃ ရက်နေ့က ပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သတိပေးပြောကြားထားသည်။

သို့ဖြစ်ရာ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်လျက်ရှိရာတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးလုပ်ငန်းများကို သက်စွန့်ကြိုးပမ်းဆောင်ရွက်လျက်ရှိသလို တစ်ဖက်တွင်လည်း နိုင်ငံတော်နှင့်အများပြည်သူအကျိုးစီးပွားကို ထိခိုက်ပျက်စီးအောင် ပြုလုပ်လျက်ရှိသည့် အွန်လိုင်းလိမ်လည်မှုများနှင့် အွန်လိုင်းလောင်းကစားမှုများ နယ်စပ်ဒေသများတွင်သာမက ပြည်တွင်း၌ပါ ဖြစ်ပေါ်နေသည့်အခြေအနေများကို ပြည်သူများ၏ ပူးပေါင်းပါဝင်သတင်းပေးမှုများနှင့် သက်ဆိုင်ရာတာဝန်ရှိသည့် အဖွဲ့အစည်းများက အဂတိကင်းရှင်းစွာဖြင့် ထိထိရောက်ရောက် ကျယ်ကျယ်ပြန့်ပြန့် ပြင်းပြင်းထန်ထန် တိုက်ဖျက်နှိမ်နင်းသွားကြရမည်ဖြစ်ပါကြောင်း။     ။