အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသား ၁၀၁ ဦးအား ထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီး ပြည်ပနိုင်ငံသား ၂၀၀ ဦးအား ပြည်နှင်နိုင်ရေး စစ်ဆေးနိုင်ခဲ့

အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသား ၁၀၁ ဦးအား ထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီး ပြည်ပနိုင်ငံသား ၂၀၀ ဦးအား ပြည်နှင်နိုင်ရေး စစ်ဆေးနိုင်ခဲ့


ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / November 25, 2025


   နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများ၌ တရားမဝင် ဝင်ရောက်နေထိုင်ပြီး အွန်လိုင်းလောင်းကစားမှု၊ အွန်လိုင်းလိမ်လည်မှုအပါအဝင် ဒုစရိုက်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို စုံစမ်းစစ်ဆေးဖော်ထုတ်၍ သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးအပ်လျက်ရှိသည်။

   ထိုသို့ ပြည်နှင်လွှဲပြောင်းပေးလျက်ရှိရာ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီ၊ ရွှေကုက္ကိုလ်နယ်မြေမှ အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ ကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသား ၁၀၁ ဦးအား ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၄ ရက်တွင် ထပ်မံဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ကာ ပြည်ပနိုင်ငံသား ၂၀၀ ဦးအား ပြည်နှင်နိုင်ရေး စစ်ဆေးနိုင်ခဲ့သည်။

   ထိုသို့ ရွှေကုက္ကိုလ်နယ်မြေ၌ ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည့် ပြည်ပနိုင်ငံသားများကို မြဝတီမြို့နယ်၊ ပူလွဲပူကျေးရွာအုပ်စု၊ ရွှေကုက္ကိုလ်မြိုင်ကျေးရွာအတွင်း လုံထင်းဝင်းရှိ အဆောက်အအုံ၌ ထိန်းသိမ်းထားရှိပြီး တရားမဝင်ပြည်ပနိုင်ငံသား စစ်ဆေးရေးအဖွဲ့မှ စစ်ဆေးပြီးစီးသည့် ပြည်ပ နိုင်ငံသားများအား သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြန်လည်လွှဲပြောင်းပေးနိုင်ရေးအတွက် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များ၏ လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ၊ စာရင်း ကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသူကျော်နှင့် တာဝန်ရှိသူများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကရင်ပြည်နယ်၊ ညွှန်ကြားရေးမှူး ဦးကျော်မြင့်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

   ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၄ ရက် နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ ရွှေကုက္ကိုလ်နယ်မြေအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသားများကို ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသူကျော်နှင့် တာဝန်ရှိသူများ၊ တပ်မတော်နှင့် BGF နယ်ခြားစောင့်တပ်များမှ တာဝန်ရှိသူများက မြဝတီမြို့နယ်၊ ပူလွဲပူကျေးရွာအုပ်စု၊ ရွှေကုက္ကိုလ်မြိုင်ကျေးရွာအတွင်းရှိ အဆောက်အအုံ ၁၀ လုံးတို့အား စစ်ဆေးခဲ့ရာအဆောက်အအုံ ၂ လုံးအတွင်းမှ StarLink ဗန်း ၁ လုံး၊ Router ၁ လုံးနှင့် ကွန်ပျူတာမျိုးစုံ ၂၀၅ လုံးတို့အား စစ်ဆေးတွေ့ရှိ သိမ်းဆည်းခဲ့ပြီး ကျားဖြန့်လုပ်ငန်း ဆောင်ရွက်နေသူများသည် နေထိုင်မှုမရှိတော့ဘဲ ကြိုတင်ထွက်ပြေးသွားသည်ကို စစ်ဆေးတွေ့ရှိခဲ့သည်။

   ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၈ ရက်မှစ၍ ၁ ထပ် အဆောက်အအုံ ၁၇ လုံး၊ ၂ ထပ် အဆောက်အအုံ ၂၇ လုံး၊ ၃ ထပ် အဆောက်အအုံ ၁ လုံး၊ ၄ ထပ် အဆောက်အအုံ ၂၃ လုံး၊ ၆ ထပ် အဆောက်အအုံ ၇ လုံး၊ ၇ ထပ် အဆောက်အအုံ ၁၂ လုံး၊ ၈ ထပ် အဆောက်အအုံ ၁ လုံး၊ ၉ ထပ် အဆောက်အအုံ ၄ လုံး၊ ၁၁ ထပ် အဆောက်အအုံ ၂ လုံး၊ ၁၂ ထပ် အဆောက်အအုံ ၁၀ လုံး၊ ၁၃ ထပ် အဆောက်အအုံ ၃ လုံး၊ ၁၄ ထပ် အဆောက်အအုံ ၂ လုံး၊ ၁၇ ထပ် အဆောက်အအုံ ၁ လုံး၊ စုစုပေါင်း အဆောက်အအုံ ၁၁၀ လုံးနှင့် ဂိုဒေါင် ၁ လုံးတို့အား စစ်ဆေးပြီးစီးခဲ့ပြီး ၎င်းအဆောက်အအုံများနှင့် ဂိုဒေါင်အတွင်းမှ ကွန်ပျူတာ၊ မော်နီတာ ၃,၀၉၈ လုံး၊ မိုဘိုင်းဖုန်း ၂၁,၇၅၀ လုံး၊ StarLink ဗန်း ၁၀၂ လုံးနှင့် Router ၂၂ လုံးတို့အား စစ်ဆေးတွေ့ရှိခဲ့သည်။

   ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်မှ နိုဝင်ဘာ ၂၄ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် စုစုပေါင်း ပြည်ပနိုင်ငံသား ၁၂,၆၈၇ ဦးအား ထိန်းသိမ်းနိုင်ခဲ့ကာ ၁၂,၃၄၃ ဦးအား ပြည်နှင်နိုင်ရေး စစ်ဆေးခဲ့ပြီး ၎င်းတို့အနက်မှ ၉,၉၇၈ ဦးအား ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာ နိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၂,၇၀၉ ဦးအား သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီ ဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားရှိသည်။

   နိုင်ငံတော်အနေဖြင့် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှ ကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် အရေးယူနိုင်ရေး အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်း များနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက်နေကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့် နိုင်ငံခြားသားများကို သက်ဆိုင်ရာ နိုင်ငံများသို့ အမြန်ဆုံးပြည်နှင်လွှဲပြောင်းပေးနိုင်ရေး ထိရောက်စွာ ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

HOT NEWS
January 4,