ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်အကောင်းဆုံး ခရိုင်၊ မြို့နယ်ကျောင်းများနှင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအားဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားတက်ရောက်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / July 07, 2024
image_latest


ပုသိမ်  ဇူလိုင် 

၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်အကောင်းဆုံး ခရိုင်၊ မြို့နယ် ကျောင်းများနှင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ပြုလုပ်ခဲ့ရာအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား ၊ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာအခမ်းအနားအား ပုသိမ်မြို့၊ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူများက “မြန်မာ့ကျောင်း”သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ယနေ့ပြုလုပ်သည့်အခမ်းအနားသည် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ​အောင်မြင်ခဲ့ကြသည့် ​ကျောင်းသား၊ ​ကျောင်းသူများ၊ သင်ကြားပြသ​ပေးခဲ့ကြသည့် ဆရာ၊ ဆရာမများ၊ ​အောင်ချက်အ​ကောင်းဆုံးဆုရရှိသည့်​ ခရိုင်၊ မြို့နယ်၊ ကျောင်းများအား ဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနားဖြစ်ပါကြောင်း၊ ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် တိုင်း​ဒေသကြီးမှ ​ဖြေဆိုသူ(၁၈၉၄၃)ဦးအနက် (၁၁၃၁၅)ဦး​အောင်မြင်ပြီး ​အောင်ချက်ရာခိုင်နှုန်း (၅၉.၇၃%) ရရှိခဲ့ပြီး မြန်မာတစ်နိုင်ငံလုံးအ​နေဖြင့် ​အောင်ချက် အဆင့်(၆)ရရှိခဲ့ပါ​ကြောင်း၊ တိုင်းဒေသကြီးသည် အ​ခြေခံပညာကျောင်းဖွင့်လှစ်မှု၊ ကျောင်းတက်ရောက်မှုနှင့် အောင်ချက်မြင့်မားသော တိုင်းဒေသကြီးဖြစ်ပြီး ပညာတတ် လူ့စွမ်းအားအရင်းအမြစ်များစွာ မွေးထုတ်ပေးသည့် တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် Grade -12 သင် ဆရာ၊ ဆရာမများအား ဘာသာရပ်ဆိုင်ရာ​ဆွေး​နွေးပွဲများ​၊ သိပ္ပံလက်​တွေ့လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါ​ကြောင်း၊ ယခုနှစ်တက္ကသိုလ်ဝင်စာ​မေးပွဲတွင်လည်း ​အောင်ချက်မြင့်မား​ရေးအတွက် တိုင်းဒေသကြီးအစိုးအစိုးရအဖွဲ့အ​နေဖြင့် နှစ်စမှပင်တွန်းအားပေးကြပ်မတ်​ဆောင်ရွက်လျှက်ရှိပါ​ကြောင်း၊ ကျောင်းနေအရွယ်ကလေးအားလုံး ရာနှုန်းပြည့် ကျောင်းတက်ရောက်စေရေး၊ စဥ်ဆက်မပြတ် အတန်းစဥ်ကူး​ပြောင်း​စေ​ရေးအတွက်  တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အဆင့်ဆင့်သော အုပ်ချုပ်ရေးအဖွဲ့များ၊ ဆရာ၊ မိဘများ ပူးပေါင်း ဆောင်လျက်ရှိပါကြောင်း၊ နိုင်ငံ​တော်၏အနာဂတ်ဖြစ်သည့် လူငယ်လူရွယ်များအား ဗလငါးတန်နှင့် ပြည့်စုံသောလူငယ်​မောင်မယ်များဖြစ်​စေရန် နိုင်ငံတော်မှ အလေးထား ဆောင်ရွက်နေသကဲ့သို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ကလည်း အဖက်ဖက်မှ ကူညီပံ့ပိုး ပေးလျက်ရှိပါကြောင်း”ဂုဏ်ပြုအမှာစကားများ ပြောကြားသည်။

ထို့နောက် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်အကောင်းဆုံး (ပထမ၊ ဒုတိယနှင့်တတိယ)ဆုရရှိသည့် ခရိုင်နှင့်မြို့နယ်များ၊ အထက်တန်းကျောင်းအဆင့်၊ အထက်တန်းကျောင်း(ခွဲ) အဆင့်နှင့် ကိုယ်ပိုင်အထက်တန်းကျောင်းအဆင့်(ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသည့်ကျောင်းများ၊ ဝိဇ္ဇာဘာသာတွဲတွင် နိုင်ငံအဆင့်(၄)၊ တိုင်းဒေသကြီးအဆင့် (၁)ရရှိသူ၊ နိုင်ငံအဆင့်(၅)၊ တိုင်းဒေသကြီးအဆင့် (၂)ရရှိသူ၊ နိုင်ငံအဆင့်(၇)၊ တိုင်းဒေသကြီးအဆင့် (၃)ရရှိသူနှင့် နိုင်ငံအဆင့်(၈)၊ တိုင်းဒေသကြီးအဆင့် (၄) ရရှိသူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်းကောင်း၊ ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ သိပ္ပံဘာသာတွဲတွင် တိုင်းဒေသကြီးအဆင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ ဇနီးကလည်းကောင်း၊ ဝိပ္ပံဘာသာတွဲတွင် တိုင်းဒေသကြီးအဆင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြသူများအား တိုင်းဒေသကြီးတရားသူကြီးချုပ်ကလည်းကောင်း၊ ဝိဇ္ဇာဘာသာတွဲတွင် တိုင်းဒေသကြီးအဆင့် ထူးချွန်စွာအောင်မြင်ခဲ့သူများနှင့်(၆)ဘာသာဂုဏ်ထူးရှင်များအား လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးကလည်းကောင်း၊ ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် (၆)ဘာသာ ဂုဏ်ထူးရှင်များ၊ (၅)ဘာသာဂုဏ်ထူးရှင်များနှင့် (၄)ဘာသာဂုဏ်ထူးရှင်များကို  တာဝန်ရှိသူအသီးသီးကလည်းကောင်း ဂုဏ်ပြုဆု​ငွေနှင့် ဆုများချီးမြှင့်ခဲ့ကြသည်။

ဆက်လက်၍ ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား/သူများကိုယ်စား သိပ္ပံဘာသာတွဲ တွင် တိုင်းဒေသကြီးအဆင့် (၁) ရရှိသော မောင်ကောင်းဆင့်သော်က ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့ပြီး ပုသိမ်မြို့၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက“ဇာတိမာန်”သီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ကြကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)