ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် တတိယဆုရရှိခဲ့သည့် ဧရာဝတီတိုင်းဒေသကြီး (U-18) ဘောလုံးအသင်းအား ကြိုဆိုဂုဏ်ပြုပွဲအခမ်းအနားသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် တတိယဆုရရှိခဲ့သည့် ဧရာဝတီတိုင်းဒေသကြီး (U-18) ဘောလုံးအသင်းအား ကြိုဆိုဂုဏ်ပြုပွဲအခမ်းအနားသို့ တက်ရောက်


ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့/ ပုသိမ် / June 04, 2026


ပုသိမ် ဇွန် ၃

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် တတိယဆုရရှိခဲ့သည့် ဧရာဝတီတိုင်းဒေသကြီး (U-18) ဘောလုံးအသင်းအား ကြိုဆိုဂုဏ်ပြုပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တိုင်းဒေသကြီးဘောလုံးအသင်းအား ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ဂုဏ်ပြုပွဲအခမ်းအနားကို ဆက်လက်ပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး(U-18) ဘောလုံးအသင်းမှ တစ်ဦးချင်းမိတ်ဆက်၍ အသင်းမှတာဝန်ရှိသူများက ပြိုင်ပွဲဝင်ယှဉ်ပြိုင်ခဲ့သည့် အတွေ့ အကြုံများကို ရှင်းလင်းတင်ပြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ တိုင်းဒေသကြီး၏ အားကစားကဏ္ဍ တိုးတက်မြင့်မားရေးအတွက် စိတ်ဓာတ်ပိုင်းဆိုင်ရာ၊ နည်းပညာနှင့် ငွေကြေးအစရှိသည့် လိုအပ်ချက်များကို အဖက်ဖက်မှ ပံ့ပိုးကူညီမှုများ ပြုလုပ်ပေးရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ မျိုးဆက်သစ် လူငယ်အားစားသမားများ ပေါ်ထွက်လာစေရေးအတွက် အခြေခံပညာကျောင်းများမှ စတင်အခြေခံရမည်ဖြစ်ပါကြောင်း၊ မြို့နယ်တိုင်းတွင်လည်း အဆင့်မီအားကစားကွင်းများဖြစ်ပေါ်လာအောင် ဆောင်ရွက်ကြရမည်ဖြစ်ပြီး ပြိုင်ပွဲများကျင်းပ၍ အရည်အချင်း ရှိသည့် အားကစားသမားများကို မွေးထုတ်ရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး၏ အားကစား အဆင့်အတန်းမြင့်မားစေရေးအတွက် လိုအပ်သည်များပံ့ပိုးပေးသွားမည်ဖြစ်၍ ယခုထက်ပိုမို အောင်မြင်မှုများရရှိရန် ကြိုးပမ်းသွားကြစေလိုကြောင်း၊ ယခုကဲ့သို့ အောင်မြင်မှုများရရှိအောင် ကြိုးစားခဲ့ကြသည့် အသင်းအုပ်ချုပ်သူများ၊ နည်းပြများနှင့် အားကစားသမားများအား ကျေးဇူးတင်ဂုဏ်ပြုပါကြောင်း” ပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧရာဝတီတိုင်းဒေသကြီးဘောလုံးအဖွဲ့ချုပ်တို့က ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ချီးမြှင့်ခဲ့ကာ နေ့လည်စာဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။