၂၀၂၄-၂၀၂၅ ခုနှစ် ရာဂီမုန်တိုင်းအရှိန်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မိုးစပါးသီးနှံစိုက်ဧရိယာအတွင်း အဓိကသီးနှံများ ပြန်လည်စိုက်ပျိုးခဲ့သည့်တောင်သူများအား သွင်းအားစုဖိုးလိုငွေများပေးအပ်ချီးမြှင့်
၂၀၂၄-၂၀၂၅ ခုနှစ် ရာဂီမုန်တိုင်းအရှိန်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မိုးစပါးသီးနှံစိုက်ဧရိယာအတွင်း အဓိကသီးနှံများ ပြန်လည်စိုက်ပျိုးခဲ့သည့်တောင်သူများအား သွင်းအားစုဖိုးလိုငွေများပေးအပ်ချီးမြှင့်
ကရင်ပြည်နယ်အစိုးရအဖွဲ့/ ကရင်ပြည်နယ်အစိုးအဖွဲ့ရုံး / August 25, 2025

ဘားအံ - ဩဂုတ် (၂၅)
၂၀၂၄-၂၀၂၅ ခုနှစ် ရာဂီမုန်တိုင်းအရှိန်ကြောင့် မိုးစပါး(၁၄၄၆၁)ဧက ပျက်စီးခဲ့ခြင်းအပေါ် ရေပြန်ကျချိန်တွင် မိုးစပါး (၈၉၈၆)ဧက ပြန်လည်စိုက်ပျိုးနိုင်ခဲ့ပြီး ကျန်(၅၄၇၅)ဧကကို မြေပဲ၊နှမ်း၊နေကြာ၊ပဲအမျိုးမျိုးသီးနှံများ ပြန်လည် အစားထိုးစိုက်ပျိုးခဲ့ရာ အဓိကသီးနှံများပြန်လည်စိုက်ပျိုးခဲ့သည့် တောင်သူများအား သွင်းအားစုဖိုးလိုငွေများပေးအပ် ချီးမြှင့်သည့်အခမ်းအနားကို ဩဂုတ်လ ၂၅ ရက်နေ့ မွန်းလွဲ ၃ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက သဘာဝဘေးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများအပေါ် ပြည်နယ် အစိုးရမှ တောင်သူလယ်သမားများလိုအပ်သည့်မျိုးစပါး၊ မြေဩဇာများကို ထောက်ပံ့ပေးခဲ့သကဲ့သို့ နိုင်ငံတော်မှလည်း သွင်းအားစုဖိုးလိုငွေ ၂၅ ရာခိုင်နှုန်းကို တစ်ကြိမ်ထောက်ပံ့ပေးခဲ့ပြီးဖြစ်ကြောင်း၊ ယခုအကြိမ် စပါးအပြင်အဓိကပန်းတိုင် သီးနှံများစိုက်ပျိုးခဲ့သည်တောင်သူများအတွက် မျိုးစေ့ဖိုးနှင့်မြေဩဇာဖိုးများကို အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ထပ်မံထောက်ပံ့ပေးခြင်းဖြစ်ပြီး တောင်သူများအနေဖြင့်လည်း စိုက်ဧကပြည့်မီရေး၊ ပန်း တိုင်အထွက်နှုန်းရရှိရေး၊ စားရေရိက္ခာဖူလုံပိုလျှံရေးနှင့် လယ်ယာကဏ္ဍတိုးတက်မြင့်မာရေးတို့အတွက် အစွမ်းကုန်ကြိုး စားအားထုတ်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးညွန့်လင်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များက ရာဂီမုန်တိုင်းအရှိန်ကြောင့် နှစ်ကြိမ်တိုင်ရေလွှမ်းမိုးခံခဲ့ရသည့် မိုးစပါးစိုက်ခင်းများအတွင်း အဓိကသီးနှံ မြေပဲ၊ နှမ်း၊ နေကြာ၊ မတ်ပဲ၊ ပဲတီစိမ်းစိုက်ဧကများ အစားထိုးပြန်လည်စိုက်ပျိုးခဲ့သည့်တောင်သူများအား မြေပဲ တစ်ဧက(၂၉၇၁၀၀)ကျပ်၊ နှမ်းတစ်ဧက(၇၉၁၀၀)ကျပ်၊ နေကြာတစ်ဧက(၈၅၁၀၀)ကျပ်၊ မတ်ပဲတစ်ဧက(၂၀၁၁၀၀) ကျပ်၊ ပဲတီစိမ်းတစ်ဧက (၁၇၁၁၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်း(၄၀၅၀)ဧကအတွက် သွင်းအားစုဖိုးလိုငွေ ၈၂၆ ဒဿမ ၅၄၇ ကျပ်သန်းကို ချီးမြင့်ပေးအပ်ခဲ့ကြရာ တောင်သူများကိုယ်စား တောင်သူတစ်ဦးကကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် တက်ရောက်လာသော တောင်သူများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက တောင်သူများအား သွင်းအားစုဖိုးလိုငွေများကို စနစ်တကျထုတ်ပေးနေမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။
ပေးအပ်ချီးမြှင့်သည့်အခမ်းအနားမစတင်မီနှင့်အခမ်းအနားအပြီးတို့တွင် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူ များက ရေကြီးနစ်မြုပ်မှုကြောင့်ပျက်စီး/ထိခိုက်သော လယ်ယာမြေများ ပြုပြင်ထိန်းသိမ်းခြင်းနှင့်ပြန်လည်စိုက်ပျိုးရာ တွင် လိုက်နာသင့်သောအချက်များ၊ ပိုးမွှားရောဂါကာကွယ်နှိမ်နှင်းရေး၊ မြေယာအသုံးချရေးနှင့် မျိုးစေ့များအကြောင်း တို့ကို အသိပညာပေးဆွေးနွေးဟောပြောခဲ့ကြပါသည်။