၂၀၂၅ အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ၌ ဒုတိယဆုရရှိခဲ့သည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းအား ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ

၂၀၂၅ အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ၌ ဒုတိယဆုရရှိခဲ့သည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းအား ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / August 25, 2025
image_latest


ရန်ကုန် ဩဂုတ် ၂၄

ဗီယက်နမ်နိုင်ငံတွင် ဩဂုတ် ၆ ရက်မှ ၁၉ ရက်အထိ ကျင်းပပြုလုပ်ခဲ့သည့် ၂၀၂၅ အာဆီယံအမျိုးသမီးချန်ပီယံရှစ် ပြိုင်ပွဲတွင် ဒုတိယဆုရရှိခဲ့သည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းအား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့ည ၇ နာရီတွင် ရန်ကုန်မြို့ Novotel Hotel Max ရှိ ပြည်ခန်းမ၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် ဒုတိယဥက္ကဋ္ဌများ၊ အဖွဲ့ချုပ်အမှုဆောင်များ၊ ကလပ်အသင်းပိုင်ရှင်များ၊ အလှူရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ဆုရအားကစားသမားများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ဂုဏ်ပြုပွဲတွင်ပြိုင်ပွဲဝင် ကစားသမားများအား မိတ်ဆက်၍ မြန်မာ့လက်ရွေးစင် အမျိုးသမီး ဘောလုံးအသင်း၏ပွဲစဉ် တစ်လျှောက်ယှဉ်ပြိုင်ခဲ့မှုရုပ် သံမှတ်တမ်းအား ကြည့်ရှုအားပေးပြီးနောက် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က ဂုဏ်ပြုနှုတ်ခွန်းဆက်စကားပြော ကြားရာတွင် မြန်မာအမျိုးသမီးဘောလုံးအသင်းအနေဖြင့် ဒုတိယဆုရယူပေးနိုင်ခဲ့ခြင်းသည် နိုင်ငံ့ဂုဏ်ကို အားကစားဖြင့် မြှင့်တင်ပေးရာ ရောက်သည့်အတွက် အုပ်ချုပ်သူများ၊ နည်းပြများအပါအဝင် ပြိုင်ပွဲဝင်အားကစားသမား များအားလုံး၏ ကြိုးပမ်းမှုဇွဲ၊ စိတ်ဓာတ်တို့ကို ချီးကျူးဂုဏ်ပြုမှတ်တမ်းတင်ပါကြောင်း၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အနေဖြင့် တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးနှင့် မြန်မာ့အားကစား အဆင့်အတန်းတိုးတက်မြင့်မားရေးလုပ်ငန်းများကို တွန်းအားပေးဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပြီး ယခုလို အောင်မြင်မှုရရှိကြသည့် အားကစားသမားများကို နိုင်ငံတော် အနေဖြင့် ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ပေးလျက်ရှိပါ ကြောင်း၊လာမည့်(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင်လည်း မြန်မာအမျိုး သမီးဘောလုံးအသင်း အောင်မြင်မှု ချန်ပီယံဆုရယူပြီး ထိုင်းနိုင်ငံတွင် နိုင်ငံတော်သီချင်းနှင့်အတူ အမိမြန်မာနိုင်ငံတော်၏ အလံကို အလံတိုင်ထိပ်အထိ လွှင့်ထူနိုင်အောင် ကြိုးစားကြစေလိုကြောင်း၊ နိုင်ငံတကာ ပြိုင်ပွဲများတွင် အောင်မြင်မှုများ ယခုထက်ပိုမိုရရှိပြီး အားကစားဖြင့် နိုင်ငံ့ဂုဏ်ကို မြှင့်တင်နိုင်ကာ အရှေ့တောင် အာရှအဆင့်မှသည် အာရှအဆင့်၊ ကမ္ဘာ့အဆင့်ထိ ထိုးဖောက်နိုင်အောင် ဆက်လက်ကြိုးစားသွားကြရန် တိုက်တွန်းမှာကြားခဲ့သည်။

ပေးအပ်ချီးမြှင့်

ဆက်လက်၍ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ပေးပို့ချီးမြှင့်သော အမေရိကန်ဒေါ်လာ ၈၀၀၀၀ အား ပြည်ထောင်စုဝန်ကြီးက ပေးအပ်ချီးမြှင့်ရာ နည်းပြချုပ်နှင့် ကစားသမားများက လက်ခံရယူခဲ့သည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အလှူရှင်များက မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းအား ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီးပေးအပ်ချီးမြှင့် ခဲ့ကြပြီးချီးမြှင့်ပေးခဲ့သော အလှူရှင်များ၏ ဂုဏ်ပြုချီးမြှင့်ငွေ စုစုပေါင်း ၈၆၃၀၀၀၀၀၀ အား မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌတို့က ချီးမြှင့်ပေးအပ်ရာ မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းမှ လက်ခံရယူခဲ့သည်။

ထို့နောက် ပြိုင်ပွဲ၏ ဂိုးသွင်းအများဆုံးဆုရ ဝင်းသိင်္ဂီထွန်းကလည်း Video Clip ဖြင့် ကျေးဇူး တင်စကားပြောကြားကြပြီး မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းကိုယ်စား အသင်းခေါင်းဆောင် ခင်မာလာထွန်းက ကျေးဇူးတင်စကား ပြောကြားပြီး တက်ရောက်လာသူများနှင့် အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။    

သတင်းစဉ်