(၅၃) ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာသုတေသနညီလာခံ(ဒုတိယနေ့) ဆက်လက်ကျင်းပ

(၅၃) ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာသုတေသနညီလာခံ(ဒုတိယနေ့) ဆက်လက်ကျင်းပ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / January 22, 2025
image_latest


ရန်ကုန် ဇန်နဝါရီ ၂၁

ကျန်းမာရေးဝန်ကြီးဌာနက ကြီးမှူးကျင်းပသော (၅၃) ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံဒုတိယနေ့ကို ယနေ့တွင်  ရန်ကုန်မြို့ ဒဂုံမြို့နယ် အမှတ်-၅ ဇီဝကလမ်းရှိ ဆေးသုတေသနဦးစီးဌာန (ရုံးချုပ်) ၌ ဆက်လက်ကျင်းပရာ သုတေသနစာတမ်းရှင်များက သုတေသနစာတမ်းစုစုပေါင်း ၂၉ စောင်ကို ဖတ်ကြားတင်ပြကြသည်။

နံနက်ပိုင်းတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ အတိုင်ပင်ခံဆရာဝန်ကြီး၊ အထူးကုဆရာဝန်များနှင့် လက်ထောက်ဆရာဝန်များ၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင် ၁၀၀၀)မှ အတိုင်ပင်ခံဆရာဝန် ကြီး၊ နေပြည်တော် အမှတ် (၂) တပ်မတော် ဆေးရုံကြီးမှသမားတော်၊ မကွေးတိုင်းပြည်သူ့ဆေးရုံကြီးမှ အတိုင်ပင်ခံဆရာဝန်ကြီး၊ ရန်ကုန်သူနာပြုသင်တန်း ကျောင်းနည်းပြ၊ ဆေးသုတေသနဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးနှင့် သုတေသနမှူးများ၊ တပ်မတော်ဆေးတက္ကသိုလ်မှ ဘွဲ့လွန်သင်တန်းသား သင်တန်းသူများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနညွှန်ကြားရေးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ကျန်းမာရေးမှူးများ၊ အခြေခံကျန်းမာရေးတက္ကသိုလ် (မကွေး)မှ လက်ထောက်ကထိကတို့က သုတေသနစာတမ်းများကို ဖတ်ကြားတင်သွင်းကြပြီး တက်ရောက်လာသူများက မေးမြန်းဆွေးနွေးအကြံပြုကြသည်။

မွန်းလွဲပိုင်းတွင် ကျန်းမာရေးလူ့စွမ်း အားအရင်းအမြစ်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး (သူနာပြု)၊ ဆေးဝါးတက္ကသိုလ်(ရန်ကုန်) ဒုတိယပါမောက္ခ ချုပ်၊ ဆေးသုတေသနဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးနှင့် သုတေသနအရာရှိများ၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်း (ပုသိမ်မြို့) ကျောင်းအုပ်၊ ထားဝယ်ပြည်သူ့ဆေးရုံကြီးမှ သူနာပြုဆရာမကြီး၊ ခုတင် (၅၀၀) အထူးကုဆေးရုံကြီး(ရန်ကုန်)မှ သူနာပြုဆရာမကြီး၊ ရန်ကုန်ကလေးဆေးရုံကြီး သူနာပြုနှီးနွှယ်ကွင်းဆင်း လေ့ကျင့်သင်တန်းကျောင်း တွဲဖက်တာဝန်နှင့် တာဝန်ခံသူနာပြုဆရာမကြီး တို့က သုတေသနစာတမ်းများကို ဖတ်ကြားတင်သွင်းခဲ့ကြပြီး တက်ရောက်လာသူများက မေးမြန်းဆွေးနွေးအကြံပြုခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်