ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ပြည်သူ့ ဆေးရုံကြီးများ ဘက်စုံ ပိုမိုဖွံ့ဖြိုး တိုးတက်စေရေး ဖြည့်ဆည်း ပေးနိုင်ရန်အတွက် ဆေးရုံအုပ်ကြီးများ၊ ပါမောက္ခ/ဌာနမှူးများ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ပြည်သူ့ ဆေးရုံကြီးများ ဘက်စုံ ပိုမိုဖွံ့ဖြိုး တိုးတက်စေရေး ဖြည့်ဆည်း ပေးနိုင်ရန်အတွက် ဆေးရုံအုပ်ကြီးများ၊ ပါမောက္ခ/ဌာနမှူးများ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး


ပြန်ကြားရေးဝန်ကြီးဌာန/ ရန်ကုန် / June 03, 2019
image_latest


 

ရန်ကုန် ဇွန် ၃

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့နံနက်ပိုင်းတွင် ဆေးတက္ကသိုလ် (၁)၊ ရန်ကုန်၌ ကျင်းပသည့် ပြည်သူ့ဆေးရုံကြီးများ ဘက်စုံပိုမိုဖွံ့ဖြိုးတိုးတက်စေရေး ဖြည့်ဆည်း ပေးနိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဆေးရုံကြီးများမှ ဆေးရုံအုပ်ကြီးများ၊ ပါမောက္ခ/ ဌာနမှူးများ၊ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသည်။

 

ပြည်ထောင်စုဝန်ကြီးက ဆေးရုံကြီးများအနေဖြင့် လိုအပ်သည့်ဆေးနှင့် ဆေးပစ္စည်းများ လုံလောက်စွာ ရှိစေ ရန်နှင့် လေလွင့်ပျက်စီးမှုမရှိစေရန်အတွက် ယခင်နှစ်များ၊ လများတွင် အသုံးပြုခဲ့မှုနှင့် အတွင်းလူနာ၊ ပြင်ပ လူနာ အရေအတွက်တို့နှင့် ချိန်ထိုးခန့်မှန်း တွက်ချက်၍ ဦးစားပေးအလိုက် စာရင်းဇယား ပြုစုရမည်ဖြစ်ပါကြောင်း၊ ဝန်ကြီး ဌာနတွင် (၁၆) ခုတင်ဆံ့ဆေးရုံမှ ခုတင်(၂၀၀၀) ဆံ့ ဆေးရုံအထိ ဆေးရုံပေါင်း (၁,၁၄၄) ရုံရှိပြီး (၂၀၁၈-၁၉) ခုနှစ် ဘဏ္ဍာနှစ်တွင် ဆေးဝါးဝယ်ယူရန်အတွက် ငွေကျပ် (၁၂၀) ဘီလီယံ ၊ ဆေးပစ္စည်း ကိရိယာ ဝယ်ယူရန်အတွက် ငွေကျပ် (၆၄) ဘီလံယံ လျာထားခဲ့ပါကြောင်း။

 

အမေရိကန်နိုင်ငံအခြေစိုက် Direct Relief အဖွဲ့နှင့် အဆက်အသွယ်ရရှိခဲ့ပြီး (၆) လ အတွင်း အမေရိကန် ဒေါ်လာ (၃) သန်းတန်ဖိုးရှိဈေးနှုန်းမြင့်မားသည့် ကင်ဆာရောဂါ၊ သွေးတိုးရောဂါနှင့် ဆီးချိုရောဂါ ကုသဆေး များကို အခမဲ့ ရရှိခဲ့သဖြင့် ပြည်သူများအတွက် အလွန်အကျိုးရှိပါကြောင်း၊ ထိုကဲ့သို့သောနိုင်ငံတကာမှ အလှူရှင် အဖွဲ့ အစည်းများမှ ပေးအပ် လှူဒါန်းလျက် ရှိသည်များကို ပိုမိုသိရှိ ရယူနိုင်စေရန် အတွက် စီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်း၊

 

ဆေးရုံအုပ်ကြီးများအနေဖြင့် လုပ်ငန်းခွင်တွင် ဆရာဝန်၊ သူနာပြုနှင့် ကုသမှုအထောက်အကူပြု ပညာရှင်များ အနား ယူနိုင်ရန်အတွက် အခန်းနေရာများကိုလည်းကြိုးစားစီစဉ်ပေးရမည် ဖြစ်ပါကြောင်း၊ ယခုအခါ ဝန်ကြီးဌာနမှ ဝန်ထမ်းများကို နိုင်ငံတကာတွင် (၆)လ အောက်နှင့် (၆)လ အထက်သင်တန်းများ၊ မဟာဘွဲ့၊ ပါရဂူ ဘွဲ့ သင်တန်းများ တက်ရောက်နိုင်ရန် သိသာထင်ရှားစွာတိုးမြှင့်စေလွှတ်လျက်ရှိပြီးယခု (၃)နှစ်တာကာလအတွင်း (၆၀၀၀)ခန့် စေလွှတ်ခဲ့ပါကြောင်း၊ မိမိကိုယ်တိုင် အင်တာနက်ကွန်ရက် online မှတဆင့် ပညာတော်သင် လျှောက်ထားခြင်းကိုလည်း ခွင့်ပြုထားပါကြောင်း။

 

ဝန်ကြီးဌာနအနေဖြင့် ဘဏ္ဍာငွေခွင့်ပြုရရှိမှုအပေါ်မူတည်၍ ဆေးရုံ၊ ဆေးခန်းနှင့် ကျန်းမာရေးဌာနများ အဆင့်မြှင့် တင်ခြင်းတို့ကိုဆောင်ရွက်လျက်ရှိပြီး ဝန်ထမ်းများ တာဝန်ကျရာ နေရာဒေသတွင် သက်တောင့် သက်သာ နေထိုင် နိုင်ရန်အတွက် ဝန်ထမ်းအိမ်ရာများကိုလည်း အရှိန်အဟုန်ဖြင့် ဆောက်လုပ်လျက်ရှိရာအခန်းပေါင်း (၆,၇၃၆) ခန်းပြီးစီးခဲ့ပြီး ဆောက်လုပ်လျက်ရှိသည့် အခန်းပေါင်း (၁၀,၃၇၇) ခန်းအနက် အများစုမှာ ယခုနှစ် အတွင်း ထပ်မံပြီးစီးမည်ဖြစ်ပါကြောင်း။

 

ရောဂါရှာဖွေ စမ်းသပ်စစ်ဆေးမှုများ တိကျမှန်ကန်မှသာ ကုသမှုလုပ်ငန်းများ အောင်မြင် မည်ဖြစ်သဖြင့် ဓာတ်ခွဲ၊ ဓာတ်မှန် သုံးပစ္စည်းများကိုလည်း ဦးစားပေးဖြည့်ဆည်းပေးလျက်ရှိ ပါကြောင်း၊ ဓာတ်ခွဲစမ်းသပ်မှုသုံး reagent များ လေလွင့်ဆုံးရှုံးမှုလျှော့ချနိုင်ရန်၊ လူစွမ်းအားအရင်း အမြစ်နှင့် ဓာတ်ခွဲစမ်းသပ်မှု စက်ပစ္စည်း ကိရိယာ ကြီးများကို ပိုမိုထိရောက်စွာ အသုံးချနိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး ဆေးရုံကြီးများရှိ ဓာတ်ခွဲခန်းများတွင် မရှိမဖြစ် ချက်ခြင်း၊ အရေးပေါ် ဓာတ်ခွဲစမ်းသပ်မှုများကိုသာပြုလုပ်ပြီး၊ အခြားအချိန်ယူ၍ တိကျစွာစစ်ဆေး ရမည့် ဓာတ်ခွဲ စမ်းသပ်မှုများကို ဗဟိုဓာတ်ခွဲခန်းအဖြစ် သတ်မှတ်ထားရှိ သော ဓာတ်ခွဲခန်းတွင်သာ စုစည်း ဆောင်ရွက် သွားရန် အတွက် မကြာမီလပိုင်းအတွင်း ဆောင်ရွက်တော့မည် ဖြစ်ပါကြောင်း။

 

တိုင်းဒေသကြီး/ပြည်နယ်အဆင့် ဆေးရုံကြီးများတွင် အထူးကြပ်မတ် ကုသဆောင်များကို အားဖြည့် ဆောင်ရွက်ရန် အတွက် လုပ်ငန်းစဉ်များရေးဆွဲရာတွင်လည်း အကြံပြုချက်များ ပေးအပ်စေလိုပါကြောင်း၊ ဆေးရုံ များမှ ဦးစားပေးလိုအပ်ချက်များတင်ပြတောင်းခံမှုများကို ယခုဘဏ္ဍာနှစ်တွင် ဖြည့်ဆည်းပေးနိုင်သည်များကို ယခု ဘဏ္ဍာနှစ်တွင် လည်းကောင်း၊ လာမည့် ဘဏ္ဍာနှစ်တွင်ဖြည့်ဆည်းပေးနိုင်မည်များကို လာမည့် ဘဏ္ဍာနှစ် တွင်လည်းကောင်း အတတ်နိုင်ဆုံးဖြည့်ဆည်းပေးသွားမည် ဖြစ်ပါကြောင်းပြောကြားသည်။

 

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးရှိ ဆေးရုံကြီးများမှ ဆေးရုံအုပ်ကြီးများ၊ ပါမောက္ခ/ ဌာနမှူးများ၊ ပါမောက္ခများ၊ တွဲဖက် ပါမောက္ခများနှင့် တာဝန်ရှိသူများက ဆေးနှင့်ဆေးပစ္စည်း ကိရိယာ၊ ဓာတ်ခွဲစမ်းသပ်မှု၊ တည်ဆောက် ပြုပြင်ရေး၊ စီမံခန့်ခွဲမှု၊ ဆေးနှင့်ဆေးနှီးနွယ် ပညာသင်ကြားမှု၊ ဝန်ထမ်းရေးရာနှင့် အထွေထွေကိစ္စရပ်များနှင့် ပတ်သက်၍ လိုအပ်ချက် များကို တင်ပြအကြံပြုဆွေးနွေးခဲ့ရာ ပြည်ထောင်စုဝန်ကြီး၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ညွှန်ကြားရေးမှူးချုပ် (ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီး ဌာန) ဒေါက်တာ တင်တင်လေး၊ ဆေးတက္ကသိုလ် (၁) ပါမောက္ခချုပ် ပါမောက္ခဒေါက်တာ ဇော်ဝေစိုး၊ ဒုတိယ အမြဲတမ်း အတွင်းဝန် ဦးစိန်ဝင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး) ဒေါက်တာသီတာလှ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဝယ်ယူ ဖြန့်ဖြူးရေး) ဒေါက်တာဝင်းနိုင် နှင့် တာဝန်ရှိသူများကအဆိုပါ အကြံပြုဆွေးနွေးချက်များအပေါ် တုံ့ပြန် ဆွေးနွေး ခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)

HOT NEWS
January 4,