တက္ကသိုလ်ဝင်တန်းစာမေးပွဲနှင့်သုတစုံလင် ဗုဒ္ဓဝင်ဆုရ ကျောင်းသား ကျောင်းသူများ ဂုဏ်ပြုပွဲနှင့် ကျောင်းဆောင်သစ်ပေးအပ်လှူဒါန်းပွဲကျင်းပ
တက္ကသိုလ်ဝင်တန်းစာမေးပွဲနှင့်သုတစုံလင် ဗုဒ္ဓဝင်ဆုရ ကျောင်းသား ကျောင်းသူများ ဂုဏ်ပြုပွဲနှင့် ကျောင်းဆောင်သစ်ပေးအပ်လှူဒါန်းပွဲကျင်းပ
ပြန်ကြားရေးဝန်ကြီးဌာန/ ရန်ကုန် / June 15, 2019
ရန်ကုန် ဇွန် ၁၅
ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်တွင် ၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ် ဝင် စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းများ၊ ဆရာ ဆရာမများ၊ ဂုဏ်ထူးရရှိခဲ့ကြသည့် ကျောင်းသား ကျောင်းသူများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင် ဗုဒ္ဓဝင်ဆုရ ကျောင်းသား ကျောင်းသူများ ဂုဏ်ပြုပွဲ နှင့် National Infrastructure Holdings Co.,Ltd မှ လှူဒါန်းသည့် ကျောင်းဆောင်သစ်များ ပေးအပ် လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် အားကစားခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားကို အခြေခံပညာအထက်တန်းကျောင်း(ကော့မှူး)မှ ကျောင်းသား ကျောင်းသူ များက “မြန်မာ့ကျောင်း” သီချင်းဖြင့် သီဆိုဖွင့်လှစ်ကြသည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကားပြောကြားရာ၌ ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၏ အောင်ချက် ရာခိုင်နှုန်း မှာ ၃၂ ဒသမ ၆၃ ရာခိုင်နှုန်း၊ ကော့မှူးမြို့နယ်၏ အောင်ချက်ရာခိုင်နှုန်းမှာ ၂၃ ဒသမ ၇၇ ရာခိုင် နှုန်းဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံးတွင် ဖြေဆိုသူ ၈၅၁၅၂၄ ဦးဖြစ်ပြီး အောင်မြင်သူ ၂၆၇၆၉၆ ဦး ဖြစ်သဖြင့် အောင်မြင်သည့် ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများ၊ မိဘအုပ်ထိန်းသူ ပြည်သူများအတွက် ဝမ်းသာဂုဏ်ယူပါကြောင်း။
တက္ကသိုလ်ဝင်စာမေးပွဲဖြေဆို အောင်မြင်ရန်အတွက် အခြေခံကျသည့် အချက်များမှာ ကျောင်းသား ကျောင်းသူများအနေဖြင့် ဘာသာတွဲရွေးချယ်မှုမှန်ကန် ရန်လိုပါကြောင်း၊ ဆရာ ဆရာမများ၏ အထူးပြုဘွဲ့နှင့် သင်ကြားပို့ချသည့် ဘာသာရပ်ကိုက်ညီပြီး ဘာသာရပ် အရည်အသွေးပြည့်၀၍ သင်ကြားသင်ယူ မှုနည်းလမ်း ကောင်းမွန်ရန် အဓိကအရေးကြီးပါကြောင်း၊ မိဘအုပ်ထိန်းသူ ပြည်သူများနှင့် ပူးပေါင်း၍ စနစ်တကျ သင်ယူလေ့လာရန်နှင့် သက်ဆိုင်ရာ တက္ကသိုလ်များမှ ပါမောက္ခများ၊ ဝါရင့်ဆရာ ဆရာမများနှင့်ပူးပေါင်း၍ အလုပ်ရုံ ဆွေးနွေးပွဲကျင်းပခြင်း၊ ဟောပြော ပို့ချခြင်းများ ဆောင်ရွက်ရန်လိုအပ်ပါကြောင်း။
ဆရာ ဆရာမများ၊ ကျောင်းအုပ်ကြီးများ၊ တာဝန်ရှိသူများအနေဖြင့် ကျောင်းထွက်နှုန်း လျော့နည်း စေရေးနှင့် ကျောင်းသား ကျောင်းသူတိုင်း အထက်တန်းပညာ သင်ယူပြီး မြောက်စေရေး အလေးထား ကြိုးပမ်းဆောင်ရွက် ကြစေလိုကြောင်း၊ အခြေခံပညာကျောင်းများတွင် ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်း ကျောင်း သား ကျောင်းသူများအားလုံး စာရေးတတ်၊ စာဖတ်တတ်၊ အခြေခံသင်္ချာတွက် ချက်တတ်ရန်အတွက် အလေးအနက်ထားဆောင်ရွက်လျက်ရှိပြီး ကျောင်းသား ကျောင်းသူများကို တစ်ဦးနှင့်တစ်ဦး အပြန်အလှန် နားလည်မှု၊ လေးစားမှု၊ ကူညီတတ်မှုရှိပြီး အသင်းအဖွဲ့စိတ်ဓာတ်ဖြင့် ပူးပေါင်း ဆောင်ရွက် တတ်သော လူသားကောင်းများ ဖြစ်စေရန် လေ့ကျင့်ပေးရန်လိုအပ်ပါ ကြောင်း၊ တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် ဆောင်ရွက်တတ်စေရန် ငယ်စဉ်ကပင် ပြုစုပျိုးထောင် ပေးရန်လို အပ်ပါကြောင်း၊ လူငယ်များ၏ဆန်းသစ် တီထွင်ဖန်တီးလိုသော စိတ်ဓာတ်ကို မြေတောင်မြှောက် ပေးစေလိုပါကြောင်း။
ကျောင်းအလိုက် လိုအပ်လျက်ရှိသည့် စာသင်ခန်း၊ သန့်စင်ခန်းများ၊ ပရိဘောဂ ပစ္စည်းများ၊ သင်ထောက်ကူပစ္စည်းများ၊ စာအုပ်များ၊ အားကစားပစ္စည်းများ၊ သောက်သုံးရေလို အပ်ချက်များကို စနစ်တကျစာရင်းပြုစု တင်ပြကြစေလို ပါကြောင်းနှင့် ပညာရေးဝန်ကြီးဌာနအနေဖြင့်လည်း ရရှိသည့် ဘဏ္ဍာငွေ အပေါ်မူတည်၍ နှစ်စဉ်ဦးစားပေး အစီအစဉ်အလိုက် ပံ့ပိုးဖြည့်ဆည်းဆောင်ရွက် ပေးလျက် ရှိပါကြောင်း ပြောကြားသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်တို့က အမှာစကားပြောကြားပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဆွေဝင်းက ဂုဏ်ပြုပွဲ ကျင်းပရခြင်းအတွက် ဝမ်းသာပီတိ စကားပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ကျောင်းဆောင်သစ် လှူဒါန်းခဲ့ကြသည့် ကျောင်းအလှူရှင်အား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ခဲ့ပြီး ကော့မှူးမြို့နယ်အတွင်းရှိ ကျောင်းများအတွက် ဗလာစာအုပ်နှင့် ကျောပိုးအိတ် များအားပေးအပ်လှူဒါန်းသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် တာဝန်ရှိသူများက ၂၀၁၈-၂၀၁၉ ပညာ သင်နှစ်တွင် အောင်ချက်ရာခိုင်နှုန်း(ပထမ)ဆုရရှိသည့် အထက(ကျုံဒရယ်)၊ ဒုတိယဆုရရှိသည့် အထက (ကညင်ငူ)၊ တတိယဆုရရှိသည့် အထက(ကျိုက်ထော်) ကျောင်းတို့ အားဂုဏ်ပြုဆုများ ချီးမြှင့်ပြီး ၂၀၁၈-၂၀၁၉ ပညာသင်နှစ် ဘာသာရပ် ထူးချွန်ဆုရရှိသည့် ဆရာ ဆရာမ(၂၄)ဦးနှင့် ၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ဂုဏ်ထူးရ ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုများပေးအပ် ချီးမြှင့်ပြီး ဝိုင်းဝန်းကူညီ ပေးခဲ့ကြသည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကြသည်။
ယင်းနောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် တာဝန်ရှိသူများသည် အခြေခံပညာ အထက်တန်းကျောင်းခွဲ (ညောင်ကုန်း) ကျောင်းဆောင်သစ် လှူဒါန်းပွဲအခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားကြသည်။
အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ပညာရေး ဝန်ကြီးဌာနအနေဖြင့် အခြေခံပညာရေးကဏ္ဍ အကောင် အထည်ဖော် အောင်မြင်ရေးအတွက် ကဏ္ဍတစ်ရပ်ဖြစ်သည့် ကျောင်းနေအရွယ်ကလေးများ၊ လူငယ်များအခြေခံပညာကို လက်လှမ်းမီ သင်ယူနိုင်ခွင့်ရရှိစေရေး အတွက် မသင်မနေရအခမဲ့ ပညာရေးစနစ်ကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် ကျောင်းနေအရွယ် ကလေးလူငယ်တိုင်း ကျောင်းအပ်နှံရေး အခွင့် အလမ်းများတိုးတက်ရရှိစေရေး၊ ကျောင်းအပ်နှုန်းမြင့်မားစေရေးနှင့် ကျောင်းထွက်မှုနှုန်း လျော့ကျစေရေးတို့ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။
နှစ်ပေါင်းများစွာ ပညာရေးကဏ္ဍတွင် အားနည်းနေခဲ့သဖြင့် ကျောင်းနေအရွယ်ကလေး များကျောင်း နေနိုင်ရန် မိဘ၊ အုပ်ထိန်းသူ၊ ပြည်သူများ၏ စုစည်းအင်အားဖြင့် ဆရာ ဆရာမများ၊ စာသင်ခန်းများ၊ စာသင် ခုံများ စသည်တို့ကို ကိုယ့်အားကိုယ်ကိုးဖြင့် ဆောင်ရွက်ခဲ့ရပါကြောင်း။
ပြည်သူ့အစိုးရတာဝန်ယူသည့် အချိန်မှစ၍ ကျောင်းအဆင့်တိုးမြှင့်ခြင်း၊ ဆရာ၊ ဆရာမများ ခန့်ထားခြင်း၊ ကျောင်းစာသင်ခန်းများ၊ စာသင်ခုံများ၊ သင်ထောက်ကူပစ္စည်းများ ဖြည့်ဆည်းခြင်း၊ စာကြည့်တိုက်၊ အားကစား၊ သောက်ရေသုံးရေ၊ သန့်စင်ခန်းများ ဖြည့်ဆည်းပေးခြင်း၊ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုကို အားပေးမြှင့်တင်ခြင်း၊ KG +၁၂ တန်း အခြေခံပညာရေးစနစ်နှင့် အခမဲ့အခြေခံပညာရေး စနစ်ကို အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသော်လည်း ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် စာသင်ဆောင်ပေါင်း ၄၅၁၂၉၊ မူလတန်းပြဆရာဦးရေ ၅၀၈၂၀၊ အလယ်တန်းပြဆရာဦးရေ ၂၂၃၃၁၊ အထက်တန်း ပြဆရာဦးရေ ၁၁၃၅၀ တို့လိုအပ်လျက်ရှိပါကြောင်း။
ထို့ကြောင့် နိုင်ငံတော်၏ခွင့်ပြု ဘဏ္ဍာငွေအရ ကျောင်းဆောင်များ၊ ဆရာများ ဖြည့်ဆည်းပေး နေသော်လည်း လိုအပ်ချက်များ ရှိနေသေးသဖြင့် အလှူရှင်များနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ၏ လှူဒါန်းထောက်ပံ့မှုသည်လည်း အရေးကြီးပါကြောင်း၊ ယနေ့ National Infrastructure Holdings Co.,Ltd မှ ပေ ၉၀ × ၃၀ RC တစ်ထပ် ကျောင်းဆောင် (၄)လုံး ဆောက်လုပ်လှူဒါန်းခြင်းသည် အစိုးရ၊ ပြည်သူနှင့် ပုဂ္ဂလိက ကဏ္ဍတို့၏စုပေါင်း အင်အားဖြင့် လိုအပ်ချက်များကို ပူးပေါင်းဖြည့်ဆည်း ခြင်းဖြစ်သဖြင့် ဝမ်းမြောက်ဂုဏ်ယူပါကြောင်းနှင့် အလှူရှင်များကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြား သည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က မုဒိတာစကားပြောကြားရာတွင် ပုဂ္ဂလိကလုပ်ငန်းရှင်များမှ ကျောင်းဆောင်များပေး အပ်လှူဒါန်းခြင်းဖြင့် ကျောင်းသား ကျောင်းသူများ စိတ်ချလုံခြုံသည့် စာသင်ခန်းများဖြင့် ပညာသင်ကြားနိုင်မည် ဖြစ်ပါကြောင်း၊ ပညာရေးကဏ္ဍနှင့် သက်မွေးပညာကဏ္ဍများ ကို ရင်းနှီးမြှုပ်နှံခြင်းဖြင့် နိုင်ငံတကာနှင့် ရင်ဘောင်တန်း လာနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ပြင် အကြောင်းအမျိုးမျိုးဖြင့် စာမသင်ကြားနိုင်သူများကို လူတိုင်းစာ တတ်မြောက်စေ ရန် ကျောင်းပြင်ပပညာရေး လုပ်ငန်းများဖြင့် ဆောင်ရွက် လျက်ရှိပါကြောင်း၊ ကျောင်းသား ကျောင်းသူကလေးများသည် နိုင်ငံ၏အနာဂတ်များ ဖြစ်သည့်အတွက် ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများ၊ ပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် အောင်မြင်စွာ ဆောင်ရွက်နိုင် မည်ဖြစ်ပါကြောင်းနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်စေရန် စေတနာဖြင့်ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြသည့်အတွက် ကျေးဇူး တင်ရှိပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် အခြေခံပညာ မူလတန်း လွန်ကျောင်း (ကျုံဖာ)၌ ကျင်းပသည့် ကျောင်းဆောင်သစ်လှူဒါန်းပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)
