နိုင်ငံခြားရေးဝန်ကြီးဌာန သံတမန်သင်တန်းကျောင်း အဆောက်အဦဗိသုကာပုံစံ ရှင်းလင်းတင်ပြခြင်းနှင့် ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ
နိုင်ငံခြားရေးဝန်ကြီးဌာန သံတမန်သင်တန်းကျောင်း အဆောက်အဦဗိသုကာပုံစံ ရှင်းလင်းတင်ပြခြင်းနှင့် ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / July 08, 2019
ရန်ကုန် ဇူလိုင် ၈
သံတမန်သင်တန်းကျောင်း (ရန်ကုန်)ဆောက်လုပ်ရန်အတွက် အဆောက်အဦဗိသုကာပုံစံရှင်းလင်း တင်ပြခြင်းအစီအစဉ်နှင့် သင်တန်းကျောင်း အဆောက်အဦ ဗိသုကာဒီဇိုင်းပုံစံများအား စိစစ်ရွေးချယ်နိုင်ရေး အတွက် ပံ့ပိုးကူညီပေးခဲ့ကြသူများနှင့် ပဏာမအဆင့်ဗိသုကာပုံစံများ စိစစ်ရွေးချယ်ခံရသူ ဗိသုကာပညာရှင် အဖွဲ့(၅)ဖွဲ့အား ဂုဏ်ပြုပွဲအခမ်းအနားကို နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ဂျာမန်အဖွဲ့အစည်း Friedrich –Ebert –Stiftung (FES)တို့ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီခွဲတွင် ရန်ကုန်မြို့ရှိ WYNDHAM GRAND ဟိုတယ်၌ ကျင်းပသည်။
အခမ်းအနားတွင်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် က အမှာစကားပြောကြားပြီး ဗိသုကာဒီဇိုင်းပုံစံများ စိစစ်ရွေးချယ်ရေး ဂျူရီအဖွဲ့ဝင်များနှင့် သံတမန် သင်တန်းကျောင်း ဗိသုကာပုံစံအတည်ပြုရွေးချယ်နိုင်ရေးအတွက် ပံ့ပိုးကူညီပေးသော ဗိသုကာပုံစံများ စိစစ်ရွေးချယ်ရေး ဂျူရီအဖွဲ့ဝင်များနှင့် ဦးဒင်ဇယ်အေဘယ်လ်(ညွှန်ကြားရေးမှူး-ငြိမ်း) နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့်အဖွဲ့အား အမှတ်တရလက်ဆောင်များနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။
ဆက်လက်၍ ပဏာမအဆင့် ရွေးချယ်ခြင်းခံရသော ဗိသုကာပညာရှင်အဖွဲ့ (၅)ဖွဲ့အား ဦးဒင်ဇယ်အေဘယ်လ် က ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။
ထို့နောက် တက်ရောက်လာကြသည့် ဧည့်သည်တော်များအား ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံသည်။
အခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ သံတမန်သင်တန်းကျောင်း တည်ထောင်နိုင်ရေး ဆိုင်ရာ အတိုင်ပင်ခံပညာရှင်များအဖွဲ့၊ သံတမန်သင်တန်းကျောင်း ဆောက်လုပ်နိုင်ရန်အတွက် ဗိသုကာပုံစံများ စိစစ်ရွေးချယ်ရေး ဂျူရီအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ဗိသုကာအသင်းမှ တာဝန်ရှိသူများ၊ ဗိသုကာဒီဇိုင်း ဖိတ်ခေါ်ပြိုင်ပွဲ ကျင်းပနိုင်ရေးအတွက် ပံ့ပိုးကူညီပေးသော နိုင်ငံခြားရေးဝန်ကြီး ဌာနမှအငြိမ်းစားဝန်ထမ်းများနှင့် ဂျာမန်အဖွဲ့အစည်း Friedrich –Ebert –Stiftung (FES) မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
(သတင်းစဉ်)
===
