မြန်မာနိုင်ငံမှ တိုင်းရင်းဆေးမှတ်တိုင်များ စာအုပ်မိတ်ဆက်ခြင်းနှင့် တိုင်းရင်းဆေး သံတမန်များ ခန့်အပ်ပွဲမှ စကားသံများ

မြန်မာနိုင်ငံမှ တိုင်းရင်းဆေးမှတ်တိုင်များ စာအုပ်မိတ်ဆက်ခြင်းနှင့် တိုင်းရင်းဆေး သံတမန်များ ခန့်အပ်ပွဲမှ စကားသံများ


ပြန်ကြားရေးဝန်ကြီးဌာန/ ​နေပြည်တော် / August 20, 2019
image_latest


 

မြန်မာနိုင်ငံမှ တိုင်းရင်းဆေးမှတ်တိုင်များ စာအုပ်မိတ်ဆက်ခြင်းနှင့် တိုင်းရင်းဆေး သံတမန်များ ခန့်အပ်ခြင်း အခမ်းအနားကို ဩဂုတ် ၁၉ ရက် မွန်းလွဲပိုင်းက နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတွင် ကျင်းပရာ အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် တိုင်းရင်းဆေး သံတမန်များ၏ စကားသံများကို ဖော်ပြလိုက်ပါသည်-

ဒေါက်တာမိုးဆွေ
ညွှန်ကြားရေးမှူးချုပ်
တိုင်းရင်းဆေးပညာဦးစီးဌာန

တိုင်းရင်းဆေးသမိုင်းဆိုရင်တော့ အချိန်ပေးပြီး အရှည်ကြီးရေးရမယ်၊ အဲဒီလောက် အချိန်မပေးနိုင်တဲ့ အတွက် တိုင်းရင်းဆေးမှတ်တိုင်များ ဆိုပြီးတော့ ရှေးကဆောင်ရွက်ခဲ့တဲ့ မြန်မာ့တိုင်းရင်းဆေး ပညာရပ် များရဲ့ ခေတ်အဆက်ဆက် ကြိုးပမ်းအားထုတ်မှုနဲ့ အစဉ်အလာကြီးမားတဲ့ မြန်မာ့တိုင်းရင်းဆေး မှတ်တိုင်များကိုမျိုးဆက်သစ်လူငယ်များ သိရှိပြီးတော့ လက်ဆင့်ကမ်းနိုင်ဖို့ ဒီစာအုပ်ကို စီစဉ်ခဲ့ရခြင်း ဖြစ်ပါတယ်။ သမိုင်းနဲ့ပတ်သက်တဲ့ အထောက်အထားတွေကတော့ အများကြီးရှိပါတယ်။ အချိန်တို အတွင်း ဆောင်ရွက်ရတဲ့အတွက် အခက်အခဲတွေလည်း ရှိပါတယ်။

ပါမောက္ခ ဒေါက်တာသိန်းဇော်လင်း 
ခေတ္တပါမောက္ခချုပ်
မန္တလေးတိုင်းရင်းဆေးတက္ကသိုလ်

မြန်မာနိုင်ငံမှ တိုင်းရင်းဆေးမှတ်တိုင်များဆိုတာ တိုင်းရင်းဆေးပညာရဲ့ ရှေးအစဉ်အဆက်ကတည်းက တိုးတက်ဖြစ်ထွန်းလာတဲ့ မှတ်တမ်းမှတ်ရာတွေကို စုစည်းဖော်ပြထားတာဖြစ်ပါတယ်။အရင်က ရှိခဲ့ဖူးတဲ့ စာအုပ်ဟာ ခေတ်နောက်ကျနေတဲ့အတွက် တိုင်းရင်းဆေးနဲ့ပတ်သက်တဲ့ မှတ်တမ်း အသစ်တွေကို ဒီစာအုပ်မှာ တွေ့ရမှာဖြစ်ပါတယ်။ ဒီလိုသမိုင်းမှတ်တိုင်တွေကို လေ့လာပြီး တိုင်းရင်းဆေးပညာရဲ့ အားနည်းချက်၊ အားသာချက်တွေကို ပြုပြင်ပြီးတော့ မြန်မာ့တိုင်းရင်းဆေး ဖွံ့ဖြိုးတိုးတက်ဖို့ ဆောင်ရွက်သွားနိုင်မယ်လို့ ထင်ပါတယ်။

ဦးအောင်မြတ်ကျော်
ဒုတိယညွှန်ကြားရေးမှူးချုပ်(ငြိမ်း) 
တိုင်းရင်းဆေးပညာဦးစီးဌာန

တိုင်းရင်းဆေးနဲ့ ပတ်သက်လို့ရှိရင် မှတ်တမ်းမှတ်ရာအနေနဲ့ အရင်က အားနည်းခဲ့တယ်။ အဲဒီကွက်လပ်ကို ဒီစာအုပ်က ဖြည့်ဆည်း ပေးတယ်လို့ထင်ပါတယ်။ ၁၉၇၀ ကျော်နောက်ပိုင်း လောက်မှာ ဒီလိုမျိုးစာအုပ်ရယ်လို့မှတ်တမ်းမှတ်ရာ တိတိကျကျမရှိခဲ့ဘူး။ သမိုင်းမှာဘာတွေ ဖြစ်ခဲ့လည်းဆိုတာသိမှ သမိုင်းရဲ့ အမွေအနှစ်တွေ ကိုရမယ်။ သင်ခန်းစာတွေယူလို့ရမယ်။ ဒီပေါ်မှာ မူတည်ပြီးရှေ့ဆက် ဘယ်လိုသွားရမလဲဆိုတဲ့ လုပ်ငန်းစဉ်တွေချမှတ်လို့ရမှာ ဖြစ်တဲ့အတွက် ဒီစာအုပ်သည် တိုင်းရင်းဆေးပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်ဖြစ်ပါတယ်။

ဦးစိုးဝင်း (ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာအသင်း-ဗဟို)

တိုင်းရင်းဆေးလောကမှာ သံတမန်ခန့်တာ ပထမဆုံးဖြစ်ပါတယ်။ သံတမန်တွေအနေနဲ့ ပြည်သူတွေရဲ့ ကျန်းမာရေးကို တိုင်းရင်းဆေးနဲ့ စောင့်ရှောက်မှုပေးတဲ့နေရာမှာ သာမန်လူတွေထက် ဒီလိုအနုပညာ လောကမှာ ထင်ရှားတဲ့သူတွေ၊ နိုင်ငံတကာအတွေ့အကြုံရှိတဲ့ သူတွေကို သံတမန်ခန့်ပြီး ကျန်းမာရေး ပညာပေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်တဲ့အတွက် ပြည်သူကစိတ်ဝင်စားပြီးတော့ တိုင်းရင်းဆေးကို ပိုမိုလူသိများလာ စေဖို့ခန့်အပ်တယ်လို့ ယူဆပါတယ်။

ဦးမောင်မောင်ဦး
(ဂရိတ်ဝေါတိုင်းရင်းဆေးဝါး ထုတ်လုပ်ရေး)

တိုင်းရင်းဆေးနဲ့ ပတ်သက်လို့ ရေရှည်ဆောင်ရွက်မယ်ဆိုရင် သမိုင်းတွေသိဖို့လိုတယ်။ မျိုးဆက်သစ် လူငယ်တွေအများကြီး မွေးထုတ်ထားတယ်။ ဒါပေမယ့် တိုင်းရင်းဆေးနဲ့ ပတ်သက်ရင် သူတို့သမိုင်းကို သိပ်မသိဘူး။ နှစ်ပေါင်းလေးဆယ်အတွင်းမှာ ပြုပြင်ပြောင်းလဲမှုတွေ အများကြီးရှိသလို နိမ့်ဆင်း သွားတာတွေလည်းရှိတယ်။ ဒါတွေကိုသိမှ ရှေ့ဆက်မယ့်လမ်းကြောင်းကို ပိုသိမှာ။ ဒါကြောင့် ဒီမြန်မာ နိုင်ငံမှ တိုင်းရင်းဆေးမှတ်တိုင်များ စာအုပ်ကိုပြုစုရ ခြင်းဖြစ်ပါတယ်။ အရင်တုန်းက အမှားတွေသိရင် ဆက်မလုပ်တော့ဘူး။ အမှန်တွေကို ဆက်လက်သယ်ဆောင်သွားမယ်။ ဒါကြောင့် ဒီစာအုပ်ဟာ တိုင်းရင်းဆေး ဖွံ့ဖြိုးမှုအတွက် တွန်းအားတစ်ခုအနေနဲ့ ပေါ်ပေါက်လာတယ်လို့ ပြောလို့ရတယ်။ တိုင်းရင်းဆေး သံတမန်ဆိုတာကတော့ ကျွန်တော်တို့ရဲ့တိုင်းရင်းဆေးကို ရှေ့ကိုတစ်လှမ်းတိုးဖို့ အတွက် လူသိပိုများတဲ့သူတွေကို သံတမန်အဖြစ် ခန့်အပ်တာပါ၊ ဒီမှာထူးခြားမှုက အခုခန့်လိုက်တဲ့ သံတမန် တွေက တိုင်းရင်းဆေးမျိုးဆက်တွေ ဖြစ်နေတယ်။ သူတို့တွေက မြန်မာ့တိုင်းရင်းဆေးကို ပြည်သူလူထု ကြားမှာ ပိုမိုထိုးဖောက်ပြီးတော့ ယုံကြည်မှုတွေ တိုးပွားလာအောင် ဆောင်ရွက်သွားမယ်လို့ ယုံကြည်ပါတယ်။

ဦးထွန်းရွှေ
(ထွန်းရွှေဝါတိုင်းရင်းဆေးဝါး ထုတ်လုပ်ရေး)

မြန်မာနိုင်ငံမှ တိုင်းရင်းဆေး မှတ်တိုင်များစာအုပ်မှာ ပုဂံခေတ်မတိုင်မီမှ ယနေ့ခေတ်အထိ ခေတ် အဆက်ဆက်က တိုင်းရင်းဆေးပညာရပ်တွေကို ဘယ်လိုမှတ်တမ်း တင်ထားလဲဆိုတာ တွေ့ရတယ်။ မြန်မာ့တိုင်းရင်းဆေး ပညာဆိုတာကလည်း ရိုးရာအမွေအနှစ် ပညာရပ်စစ်စစ်ဖြစ်ပြီး တန်ဖိုးရှိတဲ့ ဆေးပညာ အမွေအနှစ်တွေကို လက်ဆင့်ကမ်းအမွေအဖြစ် ထိန်းသိမ်းသယ်ဆောင်လာကြတာ ဖြစ်တယ်။ ဒီလိုလက်ဆင့်ကမ်းလာခဲ့တဲ့ အမွေအနှစ်ရဲ့ အတိတ် အကြောင်းတွေကိုသိရမှ ပစ္စုပ္ပန်နဲ့ အနာဂတ်မှာကောင်းမွေကို ဆက်လက်ထိန်းသိမ်း ဆောင်ရွက်သွားနိုင်မှာ ဖြစ်ပါတယ်။ နောက်တစ်ချက် အနေနဲ့ တိုင်းရင်းဆေးနဲ့ပတ်သက်ပြီး တိုင်းရင်းဆေးလောကရဲ့ မျိုးဆက်သစ်တွေကို သံတမန်တွေ အဖြစ် ခန့်အပ်တဲ့အတွက် မြန်မာ့တိုင်းရင်းဆေးဟာ လူထုကြားကို ပိုမိုထိုးဖောက်ဝင်ရောက်ပြီးတော့ လူသိများလာမယ်လို့ ထင်မြင်မိပါတယ်။

ဒေါက်တာကြည်ကြည်ဦး
ဒုတိယညွှန်ကြားရေးမှူး (သုတေသန) 
တိုင်းရင်းဆေးပညာဦးစီးဌာန

အရင်ကတိုင်းရင်းဆေးပညာ သမိုင်းဆိုတဲ့ စာအုပ်ရှိခဲ့ပါတယ်။ ၁၉၇၆ ခုနှစ် နောက်ပိုင်းမှာ တိုင်းရင်း ဆေး မှတ်တမ်းတွေအနေနဲ့ တစုတစည်းတည်း မရှိခဲ့တဲ့အတွက် ဒီစာအုပ်ကို ပြုစုခဲ့တာဖြစ်ပါတယ်။ ဒီစာအုပ်မှာ ၂၀၁၉ ခုနှစ်ဇွန်လအထိ တိုင်းရင်းဆေးပညာရပ်နဲ့ ပတ်သက်ပြီး သမိုင်းအထောက်အထား တွေကို စုစည်းပြီးရေးသားထားပါတယ်။ သုတေသနလုပ်တဲ့အခါမှာ ဒေတာအချက်အလက်ရှိဖို့ လိုပါတယ်။ ဒီစာအုပ်ဟာ စာပေသုတေသနရဲ့ အစိတ်အပိုင်း တစ်ခုလို့မြင်ပါတယ်။

ဒေါ်ကြူကြူ (တိုင်းဒေသကြီးဦးစီးမှူး) 
တိုင်းရင်းဆေးပညာဦးစီးဌာန
(မန္တလေးတိုင်းဒေသကြီး)

အခုခန့်လိုက်တဲ့ တိုင်းရင်းဆေးသံတမန်တွေအနေနဲ့ တိုင်းရင်းဆေးလောကသားတွေ ဖြစ်တဲ့အတွက် ထုတ်လုပ်မှုအပိုင်းမှာရော ကုသမှုအပိုင်းမှာပါ အဘက်ဘက် ကတိုးတက်အောင် ဆောင်ရွက်ကြလိမ့် မယ်လို့ မျှော်လင့်ပါတယ်။ ဒီနေ့မိတ်ဆက်တဲ့ မြန်မာနိုင်ငံမှ တိုင်းရင်းဆေး မှတ်တိုင်များ စာအုပ်ဟာ ဆိုရင် ပုဂံခေတ် မတိုင်ခင်ကတည်းက တိုင်းရင်းဆေးဆိုတာ ပေါ်ပေါက်ခဲ့တာဖြစ်ပြီး တိုင်းရင်းဆေး သမိုင်းကြောင်းကို ဟိုးအရင်အစဉ်အဆက်ကနေ ယနေ့ခေတ်အထိ လုပ်ဆောင်ခဲ့တဲ့ တိုင်းရင်းဆေး ဖွံ့ဖြိုးတိုးတက်မှုတွေ အားလုံးကို ဒီစာအုပ်ကို လေ့လာခြင်းအားဖြင့် သိရှိနိုင်မှာဖြစ်ပါတယ်။

သူရိယ(သရုပ်ဆောင်)
တိုင်းရင်းဆေးအမျိုးသားသံတမန်

ကျွန်တော်က စိန်ဘယက်တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေးရဲ့မျိုးဆက်သစ် တစ်ယောက်ဖြစ်သလို တိုင်းရင်းဆေး သိပ္ပံဆင်းတစ်ယောက်ပါ။ တိုင်းရင်းဆေး သံတမန်တစ်ယောက် ဖြစ်လာပြီဆိုတော့ ပြည်သူကြားမှာ မြန်မာ့တိုင်းရင်း ဆေးကိုပိုမိုပြီး ထိထိရောက်ရောက်သိရှိအောင်၊ ပြည်သူတွေရဲ့ ကျန်းမာရေး တိုင်းရင်းဆေးဝါးနဲ့ ပိုမိုပြီး စောင့်ရှောက်ကုသမှုပေးနိုင်အောင်၊ ပြည်သူတွေ တိုင်းရင်း ဆေးဝါးကို ယုံကြည်စွာ အသုံးပြုလာအောင် ကြိုးစားဆောင်ရွက်သွားမှာပါ။

မေခင်ဆု
တိုင်းရင်းဆေး အမျိုးသမီးသံတမန်

ရုပ်ပျိုတိုင်းရင်းဆေးဝါး ထုတ်လုပ်ရေး ကုမ္ပဏီလီမိတက်ရဲ့ ဒါရိုက်တာဖြစ်သလို ရုပ်ပျိုရဲ့တတိယ မျိုးဆက်လည်း ဖြစ်ပါတယ်။ ခုလိုတိုင်းရင်းဆေး သံတမန်အဖြစ် ခန့်အပ်တဲ့အတွက် ဝမ်းမြောက် ဂုဏ်ယူမိပါတယ်။ တိုင်းရင်းဆေးကို အများပြည်သူတွေ ပိုသိလာအောင်၊ ယုံယုံကြည်ကြည်နဲ့ သုံးစွဲလာအောင် တိုင်းရင်းဆေးပညာဦးစီးဌာနရဲ့ လမ်းညွှန်မှုတွေနဲ့အတူ အားသွန်ခွန်စိုက် ဆောင်ရွက်သွားမှာပါ။ ဆိုရှယ်မီဒီယာတွေအသုံးပြုပြီး လုပ်ဆောင်သွားမှာပါ။

ဒေါ်ဖြူဖြူစိန်
ဆေးဝါးမှတ်ပုံတင်ဌာန
(တိုင်းရင်းဆေးပညာဦးစီးဌာန)

သံတမန်များအနေနဲ့ တိုင်းရင်းဆေးဝါး ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ဈေးကွက်မှာ ထုတ်လုပ်ရောင်းချနေတဲ့ ဆေးဝါးတွေကို စည်းစနစ်တကျနဲ့ ထုတ်လုပ်ရောင်းချဖို့ ပညာပေး အစီအစဉ်တွေမှာ ပါဝင်ဆောင်ရွက် ပေးဖို့နဲ့ မြန်မာ့တိုင်းရင်း ဆေးဝါးတွေကို ပြည်သူတွေယုံကြည်အားကိုးစွာနဲ့ ပိုမိုသုံးစွဲလာနိုင်အောင် အသိပညာပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ။

ဌေးနိုင်

 

HOT NEWS
January 4,