PDF အမည်ခံ အကြမ်းဖက်သမားများက အုပ်ချုပ်ရေးပိုင်ဆိုင်ရာ တာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား အကြောင်းမဲ့ ဓား၊ သေနတ်များဖြင့် ထိုးခုတ်၊ ပစ်ခတ်သတ်ဖြတ် 

PDF အမည်ခံ အကြမ်းဖက်သမားများက အုပ်ချုပ်ရေးပိုင်ဆိုင်ရာ တာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား အကြောင်းမဲ့ ဓား၊ သေနတ်များဖြင့် ထိုးခုတ်၊ ပစ်ခတ်သတ်ဖြတ် 


ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / April 19, 2024


     တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် နိုင်ငံ့ဝန်ထမ်းများ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူများနှင့် အပြစ်မဲ့အရပ်သား ပြည်သူများအား လူထုအတွင်း အကြောက်တရား လွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟု စွပ်စွဲ၍လည်းကောင်း၊ “ငါနှင့်မတူ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲ အပေါ်အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်များ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။

     ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဧပြီ ၁၄ ရက် နံနက် ၈ နာရီ ၁၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ အုန္နဲချောင်းကျေးရွာ၌ ဓား၊ သေနတ်များဖြင့် ပစ်ခတ်ထိုးခုတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါ ကျေးရွာနေ ဦးတိုးလွင်(၅၇)နှစ်သည် ၎င်း၏နေအိမ်၌ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား ခြောက်ဦး (စိစစ်ဆဲ)ရောက်ရှိလာပြီး သေနတ်၊ ဓားများဖြင့် ဝိုင်းဝန်းပစ်ခတ်ထိုးခုတ်ခဲ့သဖြင့် ဦးတိုးလွင်တွင် ဓားဒဏ်ရာ၊ ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

     အလားတူ  ညနေ ၆ နာရီခွဲတွင် ငါန်းဇွန်မြို့နယ်၊ ဘုရားထူးကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါ ကျေးရွာနေ ရာအိမ်မှူး ဦးသန်းဝင်း(၆၈)နှစ်သည် ၎င်းနေအိမ်မှ ကျေးရွာလမ်းအတိုင်း ဆိုင်ကယ်ဖြင့် တစ်ဦးတည်းမောင်းနှင်လာစဉ် ကျေးရွာရှိ ရွှေလင်ပန်းဘုန်းကြီးကျောင်းအနီးအရောက် အသင့်စောင့်နေသည့် PDF အမည်ခံ အကြမ်းဖက်သမား နှစ်ဦး (စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့၍ ဦးသန်းဝင်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

     အလားတူ ည ၇ နာရီ ၂၀ မိနစ်တွင် တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ ပင်လယ်ကမ်းကျေးရွာ၌ သေနတ်ဖြင့်ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဦးအောင်ခင်(၇၂)နှစ်သည် ၎င်း၏ နေအိမ်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား ခြောက်ဦး (စိစစ်ဆဲ)ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့၍ ဦးအောင်ခင်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

     ထိုသို့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား အကြောင်းမဲ့ ရက်စက်စွာ လုပ်ကြံသတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

HOT NEWS
January 4,