PDF အမည်ခံ အကြမ်းဖက်သမားများက အုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သား ပြည်သူများအား ဓား၊ သေနတ်များဖြင့် အကြောင်းမဲ့ ထိုးခုတ်၊ ပစ်ခတ်သတ်ဖြတ်

PDF အမည်ခံ အကြမ်းဖက်သမားများက အုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သား ပြည်သူများအား ဓား၊ သေနတ်များဖြင့် အကြောင်းမဲ့ ထိုးခုတ်၊ ပစ်ခတ်သတ်ဖြတ်


ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / April 25, 2024


     တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ မြို့နယ်အချို့တွင် နိုင်ငံ့ဝန်ထမ်းများ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား လူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟု စွပ်စွဲ၍ လည်းကောင်း၊ “ငါနှင့်မတူ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်များ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။

     ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဧပြီ ၂၁ ရက် နံနက် ၈ နာရီခွဲတွင် မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ရေပေါ်ကျွန်းကလေးကျေးရွာနေ ရာအိမ်မှူး ဦးစံမြင့်(၅၇)နှစ်သည် ၎င်း၏နေအိမ်၌ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား ရှစ်ဦး (စိစစ်ဆဲ)က ဆိုင်ကယ်ငါးစီးဖြင့် ရောက်ရှိလာပြီး ဖမ်းဆီးခေါ်ဆောင်သွားကာ ကျေးရွာ၏အပြင်ဘက် လှည်းလမ်းဘေးအရောက် ဓားများဖြင့် ထိုးခုတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးစံမြင့်တွင် ဓားဒဏ်ရာများရရှိ၍ သေဆုံးသွားခဲ့ကြောင်း သိရသည်။

     အလားတူ နံနက် ၈ နာရီ ၄၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ဘိုကုန်းကျေးရွာအနီး၌ သေနတ်ဒဏ်ရာများဖြင့် အမျိုးသား နှစ်ဦး သေဆုံးနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာအနီးရှိ တူးမြောင်းအတွင်း၌ အကြမ်းဖက်သမား (စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် အသက် ၃၅ နှစ်ခန့်နှင့်  ၄၀ နှစ်ခန့်ရှိ အမျိုးသား နှစ်ဦး (စိစစ်ဆဲ)တို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးနေသည်ကိုတွေ့ရှိရ၍ သေဆုံးသူများအား မတ္တရာမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

     ထိုသို့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား အကြောင်းမဲ့ ရက်စက်စွာ လုပ်ကြံသတ်ဖြတ်မှုကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

HOT NEWS
January 4,