Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့် စပ်လျဉ်း၍ ပြည်သူများသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်း

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့် စပ်လျဉ်း၍ ပြည်သူများသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်း


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / January 28, 2021
image_latest


ကျွန်မတို့ ပြည်သူတွေအားလုံး သိတဲ့အတိုင်းပဲ မနေ့တုန်းက ပထမဦးဆုံး စပြီးတော့ ကိုဗစ်ကာကွယ်ဆေးတွေ ထိုးပေးပါတယ်။ ပထမဆုံး စပြီးထိုးပေးတာကတော့ ကျွန်မတို့ရဲ့ ရှေ့တန်းကနေပြီးတော့ ကျန်းမာရေးဝန်ဆောင်မှုပေးနေတဲ့ ကျွန်မတို့ ကျန်းမာရေးဝန်ထမ်း တွေ၊ စေတနာ့ဝန်ထမ်းတွေပဲ ဖြစ်ပါတယ်။ ပြည်နယ်တိုင်း၊ တိုင်းတိုင်းမှာစပြီးတော့ အစီအစဉ် တွေကို လုပ်ဆောင်ခဲ့ပါတယ်။ ကျွန်မလည်းသွားပြီး ကြည့်လိုက်ပါတယ်။ နေပြည်တော်မှာ ပေါ့။ နေပြည်တော်မှာ ထိုးနေတဲ့အစီအစဉ်၊ အဲဒီမှာဆိုရင် ကျွန်မတို့ရဲ့ ကျန်းမာရေးဝန်ကြီး ဒေါက်တာမြင့်ထွေးက သတ္တိရှိရှိနဲ့ တစ်ခါတည်းကို အင်္ကျီလက်တွေ ဘာတွေ ပင့်ပြီးတော့ အထိုးခံလိုက်တာ လုံးဝမနာဘူးလို့ပြောပါတယ်။ လုံးဝမနာတဲ့အပြင် ကျွန်မ ခုနကပဲမေးကြည့် တဲ့အခါကြတော့ ဘာမှလည်းဆိုး ကျိုးတွေလည်းမရှိဘူးတဲ့။ ဒါပေမယ့် မနေ့တုန်းက အထိုးခံ လိုက်ရတဲ့ ကျန်းမာရေး ဝန်ထမ်းတွေထဲမှာဆိုရင် သုံးပုံတစ်ပုံလောက် ကတော့ နည်းနည်း ကိုက်ခဲတာတွေ၊ ချမ်းသလို လိုဖြစ်တာတွေ၊ အဖျားရှိသလိုလို နည်းနည်းဖြစ်တာတွေကို ၁၂ နာရီလောက် ကြာတဲ့အခါကျတော့ ဖြစ်လာပါတယ်လို့ပြောပါတယ်။ ဒါပေမယ့် ဆိုးဆိုးဝါး ဝါးကြီး မဟုတ်ပါဘူး။ ခဏပါပဲ။ နောက်တော့ ကောင်းသွားပါတယ်။

ဒါကတော့ ကာကွယ်ဆေးတွေဆိုရင်ဖြစ်တတ်ပါတယ်။ ဥပမာဆိုရင် သာမန်တုတ်ကွေးပေါ့။ ကာကွယ်ဆေး ထိုးရင်လည်း ဒီလိုပဲဖြစ်တတ်ပါတယ်။ အကိုက်အခဲလေးတွေပေါ့။  ကြွက်သားတွေက ကိုက်တယ်၊ ခဲတယ်၊ နည်းနည်းချမ်းချင်တယ်၊ တုန်ချင်တယ်၊ ဖျားသလိုလိုဖြစ် ချင်တယ်ပေါ့။ ဒါတွေကလည်း ရှိပါလိမ့်မယ်။ အခုထိတော့ ကျွန်မတို့ ဆိုးဆိုးရွားရွား ဘာမှ မတွေ့ရပါဘူး။ အဲ့ဒါကြောင့် ဆက်ပြီးတော့လည်း ကျွန်မတို့ ဒီအစီအစဉ်ကို စနစ်တကျလုပ် သွားမှာ ဖြစ်ပါတယ်။ ကျွန်မ ခဏခဏ သတိပေးနေတာ။ ခဏခဏ သတိပေးရတာကလည်း နည်းနည်းနားငြီးမလား တော့မသိဘူး။ ဒါပေမယ့် မမေ့အောင်လို့ ခဏခဏ သတိပေးတာက ဒါကပထမထိုးခြင်းပါပဲ။ နှစ်ကြိမ်ထိုးပါမယ်။ နှစ်ကြိမ်ထိုးပြီးမှသာ ဒီဟာက ကာကွယ်မှု ရသွားပြီလို့ သတ်မှတ်ရမှာဖြစ်ပါ တယ်။ နှစ်ကြိမ်ဆိုတော့၊ ဒီနှစ်ကြိမ်ကြားထဲမှာ ၄ ပတ်ပေါ့။ ၂၈ ရက်။ အခုမနေ့ကထိုးတဲ့သူ တွေဆိုရင် နောက်လ ၂၄ ရက်နေ့မှာထင်တယ် ပြန်ထိုးရမယ်။ အဲဒါဆိုရင် တော့ ၄ ပတ်ပြည့်သွားပြီ။ အဲဒါပြီးမှ အကာအကွယ်ရပြီလို့ ကျွန်မတို့သတ်မှတ်လို့ရမှာပါ။

ကျွန်မတို့ ကာကွယ်ဆေးတွေရရှိရေးကတော့ ပေးတဲ့နိုင်ငံတွေပေါ်မှာ အများကြီး တည်ပါတယ်။ ကျွန်မတို့ ဝယ်နေတာလည်းရှိတယ်။ လှူမယ့်သူတွေကလည်း လှူမယ့်ဟာတွေ ရှိတယ်။ ဒါပေမယ့်လည်း ဟိုဘက်က ပေးနိုင်မှပဲ ကျွန်မတို့ကရမှာပါ။ ဒါပေမယ့် ပုံမှန်ပေါ့ တဖြည်းဖြည်း၊ တဖြည်းဖြည်း၊ တစ်လပြီးတစ်လ၊ တစ်လပြီးတစ်လ ဆက်ပြီးတော့ ပြည်သူ တွေအားလုံးကို ကာကွယ်ဆေး၊ အားလုံးဆိုတာက ၈၈နှစ်ကျော်တဲ့ ပြည်သူတွေကိုပေါ့၊ ကာကွယ်ဆေးထိုးပေးနိုင်မယ်လို့ ကျွန်မတို့ခန့်မှန်းထားပါတယ်။ အဲဒါအတွက် အစီအစဉ်တွေ လည်းလုပ်ထားပါတယ်။ တစ်ချိန်တည်းမှာလည်း ကျွန်မတို့က ကိုဗစ်ကာကွယ်တယ် ဆိုတာကို ကိုဗစ်ရဲ့ရန်ကို ကာကွယ်တယ်ဆိုတာဟာ ရောဂါတစ်ခုတည်းတင် ကာကွယ်ရတာ မဟုတ်ပါဘူး။ သူ့ရဲ့အကျိုးဆက်တွေပေါ့။ အထူးသဖြင့် စီးပွားရေးအကျိုးဆက်တွေ။ ကျွန်မတို့ပြည်သူ တွေရဲ့ ဘဝအပေါ်မှာ ထိခိုက်မှု တွေရှိနိုင်တဲ့ စီးပွားရေးအကျိုးဆက်တွေကို ကျွန်မတို့ကြည့်ရ ပါတယ်။

အဲဒါနဲ့ပတ်သက်ရင် ကျွန်မတို့နိုင်ငံတော်ကနေပြီးတော့ ကိုဗစ်နဲ့ပတ်သက်ပြီး ပြည်သူတွေကို ထိခိုက်မှု မရှိအောင်လို့ တတ်နိုင်သမျှပံ့ပိုးတဲ့ ငွေပမာဏဟာဆိုရင် အခုဆိုရင်တော်တော်များ လာပါပြီ။ အကြမ်းဖျင်းအားဖြင့်ဆိုရင် ချေးငွေထဲကဆိုရင် ဘီလီယံတစ်ထောင် ကျော်ပေါ့။ ဘီလီယံတစ်ထောင်ကျော် နောက်ပြီးတော့ ရွေ့ပြောင်းရန်ပုံငွေထဲကဆိုရင် ဘီလီယံ တစ်ထောင်ကျော်၊ နောက်ပြီးတော့ ကျွန်မတို့ သဘာ၀ဘေးအန္တရာယ်အတွက်က ဆိုရင် ဘီလီယံငါးဆယ်ကျော် အားလုံးဆိုရင် ဘီလီယံနှစ်ထောင့် ခြောက်ရာကျော် သုံးခဲ့ပြီးဖြစ် ပါတယ်။ လိုအပ်သလို လည်းဆက်ပြီးတော့ သုံးသွားမှာပါ။ လိုအပ်သလိုလည်း ကျွန်မတို့ရဲ့ စီးပွားရေးပြန်လည်ပြီးတော့ ပုံမှန် လည်ပတ်ဖို့အတွက် ကျွန်မတို့လုပ်သွားမှာဖြစ်ပါတယ်။ မနေ့တုန်းက ကျွန်မသွားပြီးတော့ ဆေးထိုးတဲ့အစီအစဉ်ကို ကြည့်တဲ့အခါကျတော့ ကျွန်မ အင်မတန်မှ ဝမ်းသာပါတယ်။ ဝမ်းသာတယ်ဆိုတာဟာ စနိုင်လို့ပေါ့။ ဒီကာကွယ်ဆေးထိုးပေးတဲ့ အစီအစဉ်စနိုင်လို့၊ ဒါဟာ ကျွန်မတို့ တစ်နိုင်ငံလုံးကိုစပြီးတော့ ကာကွယ်တာပဲ။ ကျန်းမာ ရေးဝန်ထမ်းတွေကနေစပြီးတော့ အဲဒါ အတွက်လည်းဝမ်းသာတယ်။ နောက်ပြီးတော့ ကျန်းမာရေးဝန်ထမ်းတွေကိုလည်း ကျွန်မတို့ တစ်နည်းတဖုံ အားဖြင့် သူတို့ရဲ့လုပ်ဆောင်ချက် တွေကို အသိအမှတ်ပြုတာ ကျေးဇူးတင်တဲ့သ ဘောလည်းဖြစ်ပါတယ်။ ပထမဦးဆုံးဦးစား ပေးပြီးတော့ ထိုးပေးတယ်ဆိုတာ ဒီကျန်းမာရေး ဝန်ထမ်းတွေက ဘယ်လောက် ကျွန်မတို့ နိုင်ငံသူ၊ နိုင်ငံသားတွေအတွက် ဒီအချိန်မှာအဓိကကျ လဲဆိုတာကို အဲဒါကိုလည်း အသိ အမှတ်ပြုရာ ရောက်တယ်ဆိုတော့။ ကျေးဇူးတင်တယ်ဆိုတာ ပါးစပ်နဲ့ ပြောရတာတော့ လွယ်တာပေါ့။ စကားနဲ့ ပြောတာကတော့ ကျေးဇူးတင်တယ်၊ ကျေးဇူးတင်တယ်ဆိုပြီး ပြောရတာလွယ်ပါတယ်။ အခုကျတော့ ကျွန်မတို့က လုပ်ရပ်နဲ့ ပြနိုင်တဲ့အတွက် အင်မတန် မှကျေနပ်ပါတယ်။ ဒီအချိန်မှာလည်း ဒီအခွင့်ကောင်း ယူပြီးတော့ ရှေ့တန်းကနေ ကျန်းမာရေး ဝန်ဆောင်မှုတွေပေးနေတဲ့ ဝန်ထမ်းတွေရော၊ စေတနာ့ဝန်ထမ်း တွေရော အားလုံးကို ကျေးဇူးတင်တယ်လို့ ထပ်ပြီးတော့ပြောပါရစေ။

ကျွန်မတို့ ပြည်သူတွေကိုလည်း ကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ ဒီအထိပေါ့။ တစ်ဆင့်ပြီးတစ်ဆင့် ဒီကိုဗစ်ကိုရင်ဆိုင်ပြီးတော့ ကျော်လွှားခဲ့တာ ဆိုတာ ပြည်သူသာအဓိကဆိုတာ  ကျွန်မ ထပ်တလဲလဲပြောပါတယ်။ ပြည်သူမပါဘဲနဲ့ဘာမှ အောင်မြင်နိုင်မှာ မဟုတ်ပါဘူး။ အဲဒီတော့ အခု ကျွန်မတို့ဟာ ကိုဗစ်ကို ထိန်းချုပ်တဲ့ နေရာမှာလည်း တဖြည်းဖြည်းတိုးတက်လာပြီ။ နည်းနည်းတော့ နှေးတယ်လို့ ကျွန်မ ခံယူမိတယ်။ အခု ၄၀၀ နားမှာ တစ်နေတာလည်း နည်းနည်းကြာသွားပြီ။ ဟိုတစ်နေ့ကတော့ ၃၀၀ ကျော် အထိကျသွားပြီး နောက်တစ်ခါ ၄၀၀ကျော် ပြန်တက်လာတယ်ပေါ့။ အဲဒီလိုပဲ တက်ပြီးတော့မှ တဖြည်းဖြည်းကျ သွားမယ့်သဘောရှိပါတယ်။ ဒီဟာကို ထိန်းသိမ်းထားဖို့တော့ လိုပါတယ်။ အခုကျွန်မ အထူးသဖြင့် ရန်ကုန်ကပြည်သူတွေကို နည်းနည်းအားပေးစကား ပြောချင်တာက ရန်ကုန် ကျလာတယ်။ ရန်ကုန်ကျလာတာလည်း ကျွန်မတို့အတွက် အင်မတန်မှ  စိတ်သက် သာရာ ရပါတယ်။ ရန်ကုန်မှာ လူဦးရေလည်း ထူထပ်တယ်။ လူဦးရေထူထပ်ပြီးတော့ ကူးလွယ် တဲ့ အခြေအနေတွေရှိတဲ့ အခါကျတော့ အခု ရန်ကုန်မှာ ကျလာပြီဆိုတော့ ဒါဟာ ကျွန်မတို့ အတွက် အားတက်စရာပဲ။

ဒါပေမယ့် ဒါကို ထိန်းထားဖို့လိုပါတယ်။ အဲဒီတော့ ကျွန်မထပ်ပြီးတော့ သတိပေးပါ ရစေ။ ထိန်းထားဖို့ဆိုတာ နှာခေါင်းစည်းတပ်ရမယ်။ လက်မှန်မှန်ဆေးရမယ်။ လူစုလူဝေးဖြစ် အောင် မနေရဘူး။ ခပ်ခွာခွာပေါ့။ ၆ ပေ ဆိုတော့ ပြောသာပြောရတယ်။ မနေ့တုန်းက ကျွန်မ ဆေးထိုးတဲ့အစီအစဉ်သွားပြီး ကြည့်တဲ့အခါကျတော့ ၆ ပေ ခွာပြီး ရပ်နေတာ သိပ်မရှိကြဘူး။ တချို့တွေဆိုရင် အထူးသဖြင့် မီဒီယာသမားတွေကိုတော့ ပြောရမှာက မီဒီယာသမားတွေက ၆ လက်မတောင်မကွာဘူး။ တစ်ခါတည်းပြွတ်သိပ်နေတာပဲ။ အဲဒီတော့ အဲဒီလိုဟာ တွေက ကူးနိုင်ပါတယ်ဆိုတာ ကျွန်မ သတိပေးချင်ပါတယ်။ အထူးသဖြင့် ကာကွယ် ဆေးပထမအပိုင်း ထိုးပြီးတဲ့ ပြည်သူတွေကို အထူးသတိထားစေချင်ပါတယ်။ ပထမထိုးပြီး တော့ ဒီကြားထဲမှာ ကူးမယ်ဆိုရင် အများကြီး အများကြီး နှမြောစရာကောင်းပါတယ်။ ပထမ ထိုးထားတဲ့ဆေးဟာ အဟောသိကံ ဖြစ်သွားမှာပါ။ နောက်ပြီးတော့ ဒီဆေးတွေရရှိဖို့အတွက်ဆိုတာ နိုင်ငံတော်အတွက် ကုန်ကျစရိတ်ကလည်း အရေးကြီးတယ်။ ဒါပေမယ့်လည်း ရနိုင်ခြေကလည်း ခက်ခဲတယ်ဆိုတော့ ဒါဟာ အဖိုးတန်တဲ့ ထိုးဆေးတွေပဲဖြစ်ပါတယ်။ အဖိုးတန်တဲ့ ထိုးဆေးဆိုတော့ တစ်လုံးမှကို ကျွန်မတို့က အဖိတ်အစင်  မဖြစ်စေချင်ပါဘူး။ ဒါကြောင့် ပြည်သူတွေအနေနဲ့ အဲဒါတော့ သတိထားစေချင်ပါတယ်။ နောက် ကျွန်မတို့ လူဦးရေထူ ထပ်တဲ့နေရာတွေပေါ့။ Stay At Home ရောဂါလည်း ပြန့်ပွားမှုများတဲ့နေရာတွေကို ဦးစားပေး ပြီးတော့ အစီအစဉ် လိုက်ပေါ့၊ ဦးစားပေးရ မယ့်သူတွေကို စပြီး အစီအစဉ်လိုက် ကျွန်မတို့ ဆက်ဆက်ပြီးတော့ လုပ်သွားဖို့ ကျွန်မတို့ ဆောင်ရွက်သွားမှာပါ။ ပြည်သူတွေကလည်း ပူးပေါင်း ပါဝင်စေချင်ပါတယ်။ ပြည်သူတွေအနေနဲ့ ကျွန်မတို့နိုင်ငံအတွက်၊ ကျွန်မတို့နိုင်ငံရဲ့ လုံခြုံရေးအတွက် လုပ်နေတာပဲ။ ပြည်သူတွေကျန်းမာမှ၊ ပြည်သူတွေချမ်းသာမှ နိုင်ငံကလုံခြုံ မယ်။ နိုင်ငံကတိုး တက်မယ်။ အဲဒီတော့ အခုလို ကာကွယ်ဆေးထိုးရပြီဆိုတော့ ကျန်းမာရေးအတွက် ကောင်းရုံ တင်မကဘူး။ စိတ်လည်း သက်သာကြတာပေါ့။ အဲဒါကြောင့်မို့ အားလုံးဝိုင်းဝန်းပြီးတော့ ဒီကာကွယ်ဆေး ထိုးတဲ့အစီအစဉ် အောင်မြင်ဖို့အတွက် ကူညီကြပါ။ ပူးပေါင်းကြပါ။ ပြည်သူ တွေသာ အဓိက ဆိုတာကို ဘယ်တော့မှ မမေ့ပါနဲ့။ ကျွန်မတို့ ပြည်သူတွေ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။

HOT NEWS
January 4,