တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၌ ၁၂ ဘီး ကုန်တင်မော်တော်ယာဉ်များအား PDF အမည်ခံ အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ လေးဦး ထိခိုက်ဒဏ်ရာရရှိ
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၌ ၁၂ ဘီး ကုန်တင်မော်တော်ယာဉ်များအား PDF အမည်ခံ အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ လေးဦး ထိခိုက်ဒဏ်ရာရရှိ
ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / March 20, 2026
နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်အဖွဲ့များအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် ရည်ရွယ်၍ စစ်ရေးပစ်မှတ်မဟုတ်သည့် အပြစ်မဲ့ အရပ် သားပြည်သူများ နေထိုင်ရာ မြို့၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ လမ်းမကြီးများပေါ်၌ မောင်းနှင်သွားလာနေသည့် မော်တော်ယာဉ်များအား မိုင်းဆွဲတိုက်ခိုက်ခြင်း၊ လမ်းတံတားများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းစသည့် အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်လျက်ရှိသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ မတ် ၁၈ ရက် မွန်းလွဲ ၂ နာရီ ၂၅ မိနစ်တွင် တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်ပြည်သူ့ဆေးရုံ၌ ကျည်ထိမှန်ဒဏ် ရာများဖြင့် အမျိုးသား သုံးဦးနှင့် အမျိုးသမီး တစ်ဦးတို့ ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ မွန်းလွဲ ၂ နာရီတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်နေသူများဖြစ်ကြသည့် ဦးဖိုးခွား(ခ)စောတာပလူထူး(၃၄)နှစ် မောင်းနှင်ပြီး ၎င်း၏ဇနီးဖြစ်သူ ဒေါ်အေးသီရိကျော်(၂၈)နှစ် လိုက်ပါလာသည့် ၁၂ ဘီး ကုန်တင်မော်တော်ယာဉ်နှင့် ဦးမင်းမင်းစိုး(၃၆)နှစ် မောင်းနှင်ပြီး ကိုသော်ဇင်ကိုကို(၂၁)နှစ် လိုက်ပါလာသည့် ၁၂ ဘီး ကုန်တင်ယာဉ်တို့သည် မြိတ်မြို့မှ ကော့သောင်းမြို့ဘက်သို့ ပြည်ထောင်စုလမ်းအတိုင်း မောင်းနှင်ထွက်ခွာလာစဉ် တနင်္သာရီမြို့နယ်၊ ရမ်းဖိုကျေးရွာအနီးအရောက်၌ PDF အမည်ခံ အကြမ်းဖက်သမားများ အင်အား (စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ၎င်းတို့ လေးဦးတွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုကဲ့သို့ စစ်ရေးပစ်မှတ်မဟုတ်သည့် လမ်းမကြီးပေါ်၌ သွားလာနေသည့် ကုန်တင်မော်တော်ယာဉ်များကို သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်မှု ကျူးလွန်ခဲ့သည့် PDF အမည်ခံ အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ လိုအပ်သည်များ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
