တနင်္သာရီတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့ရှိ မြို့နယ်အချို့၌ PDF အမည်ခံ အကြမ်းဖက် သမားများထောင်ထားသည့် မိုင်းများပေါက်ကွဲခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ သုံးဦး ထိခိုက် ဒဏ်ရာရရှိ
တနင်္သာရီတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့ရှိ မြို့နယ်အချို့၌ PDF အမည်ခံ အကြမ်းဖက် သမားများထောင်ထားသည့် မိုင်းများပေါက်ကွဲခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ သုံးဦး ထိခိုက် ဒဏ်ရာရရှိ
ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / June 10, 2026
အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေး ထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူ သွားလာအသုံး ပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများအသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်း များကို ပြုလုပ်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဇွန် ၈ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် တနင်္သာရီတိုင်း ဒေသကြီး၊ ပုလောမြို့နယ်ပြည်သူ့ဆေးရုံ၌ မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသား တစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ မွန်းလွဲ ၁ နာရီတွင် ပုလောမြို့နယ်၊ ရှပ်ပုံကျေးရွာနေ ဦးမင်းပိုင်ဦး(၃၂)နှစ်သည် ၎င်း၏နေအိမ်မှ ဖော့ကျေးရွာသို့ ကျေးရွာချင်းဆက်လမ်းအတိုင်း ဆိုင်ကယ်ဖြင့် ထွက်ခွာလာစဉ် ရှပ်ပုံကျေးရွာ၏ မြောက်ဘက် ၃ မိုင်ခန့်အကွာ အထက်ပေါင်းကျေးရွာအနီးအရောက် လမ်းဘေးမှ PDF အမည်ခံ အကြမ်းဖက်သမားများထောင်ထားသည့် မိုင်း တစ်လုံး ပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ မွန်းလွဲ ၃ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်၊ မောင်းကုန်းကျေးရွာနေ ဦးအောင်ကျော်တိုး(၃၉)နှစ်သည် တစ်ရွာတည်းနေ မသွန်းဟေသီ(၂၀)နှစ်နှင့်အတူ မောင်းကုန်းကျေးရွာမှ ထီးချိုင့်မြို့နယ်၊ စံပြရပ်ကွက်သို့ မော်တော်ယာဉ်ဖြင့် သွားရောက်စဉ် အဆိုပါရပ်ကွက်ရှိ မြို့နယ် ဥပဒေရုံးအနီးအရောက် လမ်းဘေးမှ PDF အမည်ခံ အကြမ်းဖက်သမားများထောင်ထားသည့် မိုင်း တစ်လုံးအား တိုက်မိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတို့နှစ်ဦးတွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ထီးချိုင့်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။
