တနင်္သာရီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့ရှိ မြို့နယ်အချို့၌ လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များ ထောင်ထားသည့် မိုင်းများ ပေါက်ကွဲခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ နှစ်ဦး သေဆုံးကာ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိ
တနင်္သာရီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့ရှိ မြို့နယ်အချို့၌ လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များ ထောင်ထားသည့် မိုင်းများ ပေါက်ကွဲခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ နှစ်ဦး သေဆုံးကာ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိ
ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / May 31, 2026
အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူ များအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွားလာ အသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ် များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများ အသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ် ဖောက်ခွဲခြင်းများကို ပြုလုပ်လျက်ရှိပါသည်။
ထိုသို့လုပ်ဆောင်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ မေ ၂၉ ရက် နံနက် ၈ နာရီ ၅၀ မိနစ်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသား တစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ နံနက် ၆ နာရီ ၃၀ မိနစ်တွင် သရက်ချောင်းမြို့နယ်၊ ကျွဲဇပ်ကျေးရွာနေ ဦးမျိုးဇော် (၅၅)နှစ်သည် အဆိုပါကျေးရွာရှိ ၎င်းပိုင်ဥယျာဉ်ခြံသို့ သွားရောက်စဉ် ဒေသအခေါ် တောင်ရိုး ဘုရားအနီးအရောက်၌ PDF အမည်ခံ အကြမ်းဖက်သမားများ ထောင်ထားသည့် နင်းမိုင်း တစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ ညနေ ၄ နာရီ ၄၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်ပြည်သူ့ ဆေးရုံ၌ မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသား တစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ ညနေ ၄ နာရီတွင် မတ္တရာ မြို့နယ်၊ ထိန်ပင်စောက်ကျေးရွာနေ ဦးမင်း(၇၄)နှစ်သည် ကျေးရွာမြောက်ဘက် တစ်မိုင်ခွဲခန့်အကွာရှိ ၎င်းပိုင်လယ်ကွင်းအတွင်း အလုပ်လုပ်ကိုင်နေစဉ် PDF အမည်ခံ အကြမ်းဖက်သမားများ ထောင်ထားသည့် နင်းမိုင်း တစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ ညနေ ၆ နာရီ ၄၅ မိနစ်တွင် ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၊ နားရှိုးကျေးရွာနေ ဦးနေအောင်(၃၉)နှစ်နှင့် ဦးမောင်သောင်း(၅၅)နှစ်တို့သည် ကျေးရွာအနီးရှိ ဦးနေအောင် ပိုင်ဆိုင်သည့် ကြံစိုက်ခင်းအတွင်း အလုပ်လုပ်ကိုင်နေစဉ် TNLA အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် တိုက်မိုင်း တစ်လုံးအား ဦးနေအောင်မှ တိုက်မိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတို့ နှစ်ဦးတွင် မိုင်းပေါက်ကွဲစ ထိမှန် ဒဏ်ရာများ အသီးသီးရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်မှု ကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။
