မြင်းခြံမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက အပြစ်မဲ့အရပ်သားပြည်သူ လေးဦးအား အကြောင်းမဲ့ ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်

မြင်းခြံမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက အပြစ်မဲ့အရပ်သားပြည်သူ လေးဦးအား အကြောင်းမဲ့ ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်


ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / October 01, 2023
မြင်းခြံမြို့နယ်၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး နှစ်ဦးသေဆုံးမှု။


     တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူလူထုအချို့အား လူထုအတွင်း အကြောက်တရား လွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ ပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့်မတူ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲ အပေါ်အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်များအသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။

     ထိုသို့လုပ်ဆောင်လျက်ရှိရာ စက်တင်ဘာလ ၂၈ ရက် နံနက် ၇ နာရီ ၁၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ပျိုးကန်ကျေးရွာ၌ သေနတ်ဖြင့်ပစ်ခတ်ခံရ၍ အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး နှစ်ဦးတို့သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဦးကျင်စိုး(ခ)ဦးခင်မောင်ထွေး (၅၄)နှစ်သည် ၎င်း၏နေအိမ်၌ ဇနီးဖြစ်သူ ဒေါ်သန်းကြည် (ခ)ဒေါ်စိန်တင် (၅၃)နှစ်၊ တစ်ရွာတည်းနေသူများဖြစ်ကြသည့် ဒေါ်လုံး (၅၄)နှစ်၊ ဦးကျော်မိုး (၅၄)နှစ် တို့နှင့်အတူရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်အဖွဲ့အင်အား ခြောက်ဦး(စိစစ်ဆဲ)က ဆိုင်ကယ် သုံးစီးဖြင့် ရောက်ရှိလာပြီး “ဒလန်မိသားစု” ဟု စွပ်စွဲပြောဆိုကာ သေနတ်ဖြင့် ဝိုင်းဝန်းပစ်ခတ်သတ်ဖြတ်သွားခဲ့ သဖြင့် ဦးကျင်စိုး(ခ)ဦးခင်မောင်ထွေးပါ လေးဦးတို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

     ထိုသို့ အပြစ်မဲ့အရပ်သားပြည်သူများအား “ငါနှင့် မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ် အစွန်းရောက်ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ အကြောင်းမဲ့ ရက်စက်စွာ လုပ်ကြံသတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။