အင်းလေးဖောင်တော်ဦးဘုရား သမိုင်း

အင်းလေးဖောင်တော်ဦးဘုရား သမိုင်း


/ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန်၊ ဖောင်တော်ဦးဘုရား / October 11, 2018
ဖောင်တော်ဦးဘုရား


အင်းလေးဖောင်တော်ဦးဘုရားသမိုင်း

မြန်မာသက္ကရာဇ် ၄၇၃ ခုနှစ်တွင် ပုဂံနေပြည်တော်ကြီးတွင် ထီးနန်း စိုးစံတော် မူသော နရပတိအလောင်းစည်သူမင်းကြီးသည် မဟာသမုဒြာတွင်ရှိသော ရတနာ အမျိုးမျိုးတို့ကို ကြည့်ရှုတော်မူလိုသဖြင့် သင်္ကနက်ဖောင်ယာဉ်စကြာဖြင့် မှူးမတ် ဗိုလ်ပါတို့ ခြံရံလျက် ထွက်ခွာတော်မူသည်။

မင်းကြီးသည် ဖောင်ယာဉ်စကြာနှင့် ယမထာကြိမ်လုံးစကြာကို ပိုင်ဆိုင်သော မင်းမြတ်ဖြစ်ပေသည်။ ထိုကြောင့် သင်္ကနက်ဖောင်စကြာကို သွားလိုရာအရပ်တွင် (လက်ညိုးညွန်ရာ ရေပြင်ဖြစ်ရလေသည်။)ဟူသော ဆိုရိုးစကားထင်ရှားလေသည်။ အလောင်းစည်သူမင်းကြီးသည် တိုင်းခန်းလှည့်လည်တော်မူရင်း၊ မြင့်မိုရ်တောင်သို့ သွားလိုသောစိတ်ဆန္ဒ ပြင်းပြလာသဖြင့် မြင့်မိုရ်တောင်သို့သွားရန် ဆုံးဖြတ်လိုက်သည်။

နတ်သိကြားမင်းနှင့် သူသီတာတို့ ဟန့်တားခြင်း

တာဝတိံသာနတ်ပြည်ကို အစိုးရသော သိကြားမင်းနှင့် မိဖုရားသူသီတာတို့က လူအို ခင်ပွန်းအရောင်ဖန်ဆင်းပြီး လောင်းလှေငယ်နှင့် စီးနှင်းလှော်ခက်ဟန် ကဲ့သို့ လှော်ခက်လာလေသည်။ မင်းကြီးမြင်သောအခါ မေးမြန်းခဲ့သည်မှာ - အကျွှန်ုပ်တို့ ခင်ပွန်းသည် တဆယ့်ငါးနှစ် အရွယ်ကပင်အိမ်ထောင်ပြုပြီး မြင့်မိုရ်တောင်သို့ ရောက်ချင် သောအား ငါတို့သွားသည်၊ ယခုမူကား မြင့်မိုရ်ငွေ့များမတွေ့ရပါ။ တို့သာ မိုက်လှ ဖြစ်ပေစွ၊ မတွေ့ပါရ၊ မြေးမောင်လှတို့ မှတ်ရသူအိုစကားတည်း။ ဟုပြောပြီး အလောင်းစည်သူမင်းကြီးသည် သူအိုတို့ ပြောသည့်စကားကိုမယုံကြည်ဘဲ ဆက်လက် သွားရန်ဆန္ဒပြင်းပြနေပါသည်၊ ထိုကြောင့် ဖောင်ယာဉ်စကြာနှင့် သူအိုတို့ စီးနှင်းသော လောင်းလှေငယ်တို့ယှဉ်ပြိုင်ကြရာ၊ သိကြားမင်း ဖန်ဆင်းထားသော လောင်းလှေငယ် က ပိုမိုမြန်ဆန်သောကြောင့်၊ မင်းကြီးက သွားရန်အစီစဉ်ကို ဖျက်သိမ်းလိုက်လေသည်။

ဇမူသပြေသို့ရောက်တော်မူခြင်း

အလောင်းစည်သူ မင်းကြီးသည် ဇမူသပြေပင်ရင်းသို့ ဆိုက်ရောက်သောအခါ ဗိုလ်ရှုသဘင်ခံယူတော်မူလေ၏၊ ထိုအခါ ဟိမဝန္တာ တောအရပါမှလာသော ဘီလူး တယောက်သည် သားငယ်ကိုပိုက်ပြီးမြစ်ကမ်းနားကနေပြီးကြည့်လေသည်။ ထိုသို့ ငိုကျွှေးမည်တမ်းသော အသံကို မင်းကြီးကြားတော်မူလေသော် ယမထာကြိမ်လုံးနှင့် ရေကို ပုတ်ခက်လိုက်ရာရေစောင့်နတ်ထွက်ပေါ်လာသည်။ ဘီလူးမ၏ သားငယ်ကို ရေစောင့်နတ်က သယ်ယူပေးပြီး၊ ဘီလူးမက အလွန်ဝမ်းသာလှပေ၏ ထိုအခါ ဘီလူးမက မိမိနေရာ ဟိမဝန္တာတောအရပ်သို့ ဝင်ရောက်ပြီး အနံ့မွေးကြိုင်လှသော သရက္ခာန် အစစ်ကို ဖြတ်ယူပြီး လာရောက် ဆက်သလေသည်။

ဘုရားရုပ်ထုတော်မြတ် ငါးဆူ ဆက်သခြင်း

သိကြားမင်းကြီးသည် ကိုယ်ထင်ရှား ပြသပြီး၊ မင်းကြီးအား ဆိုလေသည်။

-မြတ်သောမင်းကြီး မြင့်မိုရ်တောင်သို့မသွားခြင်းကား ကောင်းလှပါပေ၏ ငါကား သိကြားတည်း။ မင်းကြီးအား သာသနာတော်၏အကျိုးကိုဆောင်ရွက်စေချင်သော ကြောင့် ၊မြင့်မိုရ်တောင်သို့မ သွားဖြစ်လေအောင် တားမြစ်ခြင်းဖြစ်ပေသည်။ သာသနာ တော်တည်သမျှ လူသတ္တဝါအပေါင်းတို့ ကိုးကွယ်စိမ့်သောဌာ - သင်မင်းကြီးအား၊ ဘုရား ရုပ်ထုတော်မြတ်ကို၊ ငါပေးမည်ဟု ဆိုကာ - မင်းကြီးထံတွင် သရက္ခာန်အသားကို တောင်းယူပြီး ရုပ်ထုတော်မြတ် (၅) ဆူကို ထုလုပ်ပြီး သီသဓါတ်တော်တဆူ၊ သရိယ ဓါတ်တော်မြတ်တဆူကို ထည့်သွင်းဌာပနာလေ၏ သရက္ခန်အစ - သပြေအစ - ဗောဓိ အစတို့ကိုစုပေါင်းပြီး စီရင်သောကြောင့် မြတ်ပေါင်းမဉ္ဖူဘုရား ဟုခေါ်ဝေါ်ခဲ့လေသည်။

ထိုဘုရားတွင် သီသမွေတော် (၁) ဆူနှင့် နှလုံးတော်တဆူသွင်း ပြီး ဌာပနာလေ၏ အထက်ဖော်ပြပါသရက္ခာန်ရုပ်ထုတော်မြတ် (၅) ဆူနှင့် မြတ်ပေါင်းမဉ္ဖူ(၁) ဆူ၊ ရှင်ဖြူ-ရှင်လှ (၂) ဆူပေါင်း ဘုရားရုပ်ထုတော်မြတ်(၈)ဆူ ကိုသိကြားမင်းကထုလုပ်ပြီးဆက်သ လေ၏။

သရက္ခာန်ဘုရား ရုပ်ထုတော် (၄) ဆူ ဌာပနာတိုက် သွင်းခြင်း

မြန်မာ သက္ကရာဇ် ၄၈၂-ခုနှစ် တွင်၊အလောင်းစည်သူမင်းကြီးသည် တိုင်းခန်း လှည့်လည်မူရာ၊ အရှေ့တောင်ညိုတောင်တန်းကြီးတွင် သာသနာတော်မြတ် ငါးထောင် အတွင်း သာသနာတော် ထွန်းကားသော အရပ်ဒေသဖြစ်လိမ့်မည်။ ထိုတောင်တန်း၏ အရှေ့ကား (နောင်)မဟာနာဂရပြည်ကြီးဖြစ်ဖွယ်ရာရှိပေ၏ ထိုကြောင့်-သရက္ခာန်ရုပ်ထု တော်မြတ်(၅)ဆူကို၊ထိုအရပ်သေဒ၌တည်ဆောက် ဌာပနာပေးရန် သောတာပန်နတ်ကြီး က ဆိုတော်မူလေ၏၊ မင်းကြီးကလည်းနတ်ကြီးဆိုသည့်အတိုင်း ရုပ်ထုတော်မြတ်ကို ပထမ၊ ဒုတိယ၊ တတိယ၊ စတုထ္ထလေးဆူသော ဘုရားရဟန္တာရုပ်ထုတော်မြတ်ကိုပင့်ယူပြီး ဆင်တော်ပေါ်၌ တင်ကြလေ၏။ အဖျားပိုင်း ပဉ္ဖမရုပ်ထုတော်ကို၊ ဆင်အတင်မခံသဖြင့် ထိုအရပ်၌ ပို့ဆောင်ခြင်းမရှိ၊ သရက္ခာန်ရုပ်ထုတော်မြတ် (၄) ဆူနှင့် မြတ်ပေါင်းမဉ္ဖူ တဆူကို ဆင်ပေါ်တင်ပြီး လွတ်တော် မူလေသည်။ ရုပ်ထုတော်တင်ဆောင်လာသော ဆင်များကို၊ အရှေ့တောင်ညိုအရပ်၌ လှည့်ပတ်လာရင်း သန်းထောင်အရပ်၊ ဖောင်တော် ပေါက်တောင်ခြေရင်းသို့ ရောက်ရှိသည့်အခါဆင်များမည်သည့်အရပ်သို့ မထွက်ခွာတော့ သဖြင့် ထိုအရပ်တွင်ပင်ဌာပနာတိုက်တည်ဆောက်ပြီး၊ လိုဏ်ဂူသွင်းထားပါသည်။ မြတ်ပေါင်းမဉ္ဖူဘုရားကို တင်ဆောင်သော ဆင်မှာ တောင်အရပ်သို့ ထွက်ခွာလာရင်း မင်းကြီးကနန်းတော်သို့ ပြန်လည်ပင့်ဆောင်မည်ဟုဆိုလေသည်။

ထိုအခါသောတာပန် နတ်မင်းကြီး ဆက်လက်ပြောကြားခဲ့သည်မှာ - မင်းမြတ် ထိုရတနာမဉ္ဖူဘုရားကို မဟာဂါမရွာ၌သာ အပ်နှံထားရှိရန် မြတ်ပေါင်းမဉ္ဖူဘုရားကို ထိုမဟာကာမရွာတွင် အပ်နှံထားတော်မူမှနောင်သောအခါ သရက္ခာန်ရုပ်ထုတော်မြတ်နှင့် တပေါင်းတည်း ရှိလာမည် ဟု သောတာပန်နတ်ကြီးကဆိုတော်မူလေသည်။ နတ်ကြီး ဆိုတော်မူသည့်အတိုင်း မဟာကာမရွာကျောင်း၌ ဆရာတော်(အရိယဓမ္မရာသီ) ထံအပ်နှံ ပေးပြီး မဟာကာမရွာသူ-ရွာသားများနှင့်အတူ ပွဲလမ်းသဘင်ဆင်ယင် ကျင်းပပြီး၊ ရေစက်ချအမျှ-အတမ်းပေးဝေကြပါသည်။

ဘုရားရုပ်ထုတော်မြတ်(၄)ဆူတွေ့ရှိခြင်း

သက္ကရာဇ်၇၂၁-ခုနှစ်တွင်၊ညောင်ရွှေမြို့ စော်ဘွားကြီး စီဆိုင်ဖ လက်ထက်တော် အခါ သန်းထောင်အရပ်တွင်တခုသောနေရာ၌ ဘုရားရောင်ခြည်တော်များ ကွန့်မြူး နေသည်ကိုဖူးမြင်တွေ့ရှိကြသဖြင့်စော်ဘွားကြီးထံ သံတော်ဦးတင်ကြလေသည်။ နယ်ရှင် စော်ဘွားက မှူးတော်-မတ်တော်များနှင့်ခြံရံပြီးထွက်တော်မူကာ မြက်ခြုံပိတ်ပေါင်းတို့ကို ရှင်းလင်းခုတ်ထွင်စေပြီး ရှာဖွေကြရာ လှိုဏ်ဂူအတွင်း၌ ဘုရားရုပ်ထုတော်မြတ် (၄)ဆူကို တွေ့ရှိဖူးမြင်တော်မူခဲ့လေသည်။

နေရာဌာနပြောင်းရွှေ့ခြင်း

သက္ကရာဇ်၉၇၇-ခုနှစ်တွင် ညောင်ရွှေမြို့၌ ဘွားသားစိုးစံတော်မူသောစော်ဘွားမ (စောင်နန်းဖဲ)လက်ထက်သို့ရောက်သောအခါ ထိုမြို့တော်ကို ထိပါးတိုက်ခိုက်နှောက်ယှက် ဖန်များသောကြောင့် ဗုဒ္ဒဘာသာ ရှမ်းမြန်မာတို့ အထွတ်အထိပ်ဖြစ်သော ယင်း၏ ရုပ်ထုတော်မြတ်ကို စစ်ဘေးစစ်ဒဏ်ရန်အန္တရယ်ကင်းရှင်းရာဖြစ်သော ညောင်ရွှေမြို့နယ် - ရွှေအင်းတိန်ဘုရားကြီး၏ အရံစောင့်အသီတော်များ နေရာရပ်ကွက်၌ ကျောင်းတော် ပြုပြင်ဆောက်လုပ်ပြီးလျှင် ပင့်ယူပို့ဆောင်စေပြီး၊ အနော်ရထာမင်းအပ်နှံထားသည့် အတိုင်း ၁၂ - မှုမင်းရေးကိစ္စ ခပ်သိမ်း လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး စောင့်ရှောက် ထိမ်းသိမ်းရေးကိစ္စ ဆောင်ရွက်ဘွယ် အဝဝတို့ကိုအမိန့်အာဏာများနှင့် အပ်ပြီးလျှင် အထူးစောင့်ရှောက်စေတော်မူလေသည်။

နိမိတ်ထူးခြားချက် တင်ပြခြင်း

၁၃၂၈-ခုနှစ်၊ တော်သလင်းလကွယ်နေ့ နံနက် ၇ နာရီ အချိန်၊ ကျောင်းတော် ပြာသဒ်ဦးပလ္လင်တော်မှ စီးတော်လှေစံကျောင်း ပြသာဒ်အတွင်းသို့ ပင့်တင်ပြီး ကြွချီတော်မူရာ မိုးလင်းစနေသည် ကြားမှ ညအချိန်ကဲ့သို့ မှောင်ကျသွားပါသည် ထို့ ၈ နာရီခွဲအချိန် ကျရောက်မှ အလင်းရောက် ပြန်လည်မြင်တွေ့လာပြီး နေစင်္ကြာ၏ အလင်းရောင်ကို တွေ့မြင်ရလေသည်။ ထိုနိမိတ် ထူးခြားချက်ကို လူတိုင်းပင် အံ့ဩ ရလေသည်။ ထိုနှစ်တွင်အင်းလေးဒေသ၌ ဘေးအန္တရယ် အများအပြားတွေ့ရှိရပြီး ၁၃၂၉-ခုနှစ် ဒေသစာရီကြွချီတော်မူရာနေရာ ဌာနတိုးမြင့်ခြင်း မပြုလုပ်တော့ဘဲ နေ့ရက်နှင့် အချိန်ကိုသာပြုပြင်ပေးခဲ့လေသည်။ သီတင်းကျွှတ်လဆန်း၁-ရက်နေ့ ကျောင်းတော်မှ အင်းတိမ်ဌာနသို့ ကြွရောက်တော်မူပြီး သီတင်းကျွှတ်လပြည့်ကျော် ၃ရက်နေ့ ရေသာဌာန မှကျောင်းတော် သို့ ပြန်လည် ကြွဝင်တော်မူလေသည်။

ညောင်ရွှေမြို့တွင် ဖောင်တော်ဦးရုပ်ပွားတော်မြတ် ကြွချီရာ သီတင်းကျွတ် လဆန်း (၇)ရက်၊ (၈)ရက်၊ (၉)ရက်များသည် ပွဲတော်ရက်ကြီးများ ဖြစ်ကြသည်။

HOT NEWS
January 4,