မကွေးတိုင်းဒေသကြီး၊ ကံမမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက အပြစ်မဲ့ အရပ်သား ပြည်သူ တစ်ဦးအား အကြမ်းဖက်ဖမ်းဆီးခေါ်ဆောင်၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်
မကွေးတိုင်းဒေသကြီး၊ ကံမမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက အပြစ်မဲ့ အရပ်သား ပြည်သူ တစ်ဦးအား အကြမ်းဖက်ဖမ်းဆီးခေါ်ဆောင်၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်
ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / February 26, 2026
အကြမ်းဖက်အဖွဲ့များဖြစ်သော CRPH နှင့် NUG တို့သည် နိုင်ငံတော်ကြီး အလုံးစုံပျက်သုဉ်းရေး ဦးတည်ချက်များဖြင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များကို ဖွဲ့စည်း၍ အချို့သော ဒေသများတွင် မြို့၊ ရွာများအတွင်း ဝင်ရောက်ကာ တိုက်ပွဲဖော်ဆောင်ခြင်း၊ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် အစိုးရဝန်ထမ်းများ၊ သာသနာ့အကျိုးသယ်ပိုးထမ်းဆောင်လျက်ရှိသော ရဟန်းသံဃာများ၊ အေးချမ်းစွာ နေထိုင်လျက်ရှိသော အပြစ်မဲ့ ဒေသခံပြည်သူများအား ခေါင်းစဉ်အမျိုးမျိုးတပ်၍ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခြင်းများ လုပ်ဆောင်လျက်ရှိသည်။
ထိုသို့လုပ်ဆောင်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက် ညနေ ၄ နာရီ ၁၅ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ ကံမမြို့နယ်၊ ဘန့်ပြင်ကျေးရွာနေ ဦးခင်မောင်လွင်(၅၄)နှစ်သည် ကံမမြို့မှ ဘန့်ပြင်ကျေးရွာသို့ ဆိုင်ကယ်ဖြင့် ပြန်လာစဉ် ဘန့်ပြင်ကျေးရွာတောင်ဘက် နှစ်ဖာလုံခန့်အကွာ စီကျေးရွာလမ်းဆုံအရောက် PDF အမည်ခံ အကြမ်းဖက်သမားများ အင်အား(စိစစ်ဆဲ)က ဆိုင်ကယ်အား တားဆီးကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ကြို့ပင်ကျေးရွာရှိ သင်္ချိုင်းကုန်းအနီး၌ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးခင်မောင်လွင်တွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွား ခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်တွင် PDF အမည်ခံ အကြမ်းဖက်သမားများသည် ပြည်သူလူထုအကြား အကြောက်တရားများ လွှမ်းမိုးစေရန် ရည်ရွယ်၍ အပြစ်မဲ့အရပ်သားပြည်သူ တစ်ဦးအား ဖမ်းဆီးပြီး ဆင်ခြင်တုံတရားကင်းမဲ့စွာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့မှုအပေါ် ဒေသခံပြည်သူများက ကန့်ကွက် ရှုတ်ချလျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့်လည်း ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ အမြန်ဆုံး ဖမ်းဆီးဖော်ထုတ်ရမိရေး လုံခြုံရေးလုပ်ငန်းစဉ်များကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
