ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၌ TNLA အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် နင်းမိုင်း တစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦး ထိခိုက်ဒဏ်ရာရရှိ
ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၌ TNLA အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် နင်းမိုင်း တစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦး ထိခိုက်ဒဏ်ရာရရှိ
ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / May 27, 2026
အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ် ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက် ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေ အိမ်များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများ အသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများကို ပြုလုပ်လျက်ရှိပါသည်။
ထိုသို့လုပ်ဆောင်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ မေ ၂၆ ရက် ညနေ ၄ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်ပြည်သူ့ဆေးရုံကြီးသို့ မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသား တစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ နံနက် ၉ နာရီတွင် ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၊ ကုလားကွဲကျေးရွာနေ ဦးလွန်းကြွေ(၅၀)နှစ်သည် ကျေးရွာမြောက်ဘက် တစ်မိုင်ခွဲခန့်အကွာရှိ ၎င်း၏ကြံစိုက်ခင်းအတွင်း အလုပ်လုပ် ကိုင်နေစဉ် TNLA အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် နင်းမိုင်း တစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှု ကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။
