PDF အမည်ခံ အကြမ်းဖက်သမားများက အပြစ်မဲ့ အရပ်သားပြည်သူများအား သေနတ်များဖြင့် အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်

PDF အမည်ခံ အကြမ်းဖက်သမားများက အပြစ်မဲ့ အရပ်သားပြည်သူများအား သေနတ်များဖြင့် အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်


ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / May 04, 2024


     တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ မြို့နယ်အချို့တွင် နိုင်ငံ့ဝန်ထမ်းများ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား လူထုအတွင်း အကြောက်တရား လွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟု စွပ်စွဲ၍ လည်းကောင်း၊ “ငါနှင့်မတူ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်များ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။

     ထိုသို့လုပ်ဆောင်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဧပြီ ၂၉ ရက် ည ၇ နာရီခွဲတွင် တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ဇာဒီကျေးရွာနေ ဦးကျော်စိုး(၅၃)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား အင်အား ၁၀ ဦးခန့်က ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့၍ ဦးကျော်စိုးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

     အလားတူ ဧပြီ ၃၀ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ကန်ဖြူကျေးရွာအနီးရှိ ရေပေးဝေရေးတူးမြောင်းအတွင်း၌ သေနတ်ဒဏ်ရာများဖြင့် အမျိုးသား တစ်ဦး သေဆုံးနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေရာတွင် အကြမ်းဖက်သမား အင်အား(စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့မှုကြောင့် အသက် ၃၇ နှစ်ခန့်ရှိ အမျိုးသား တစ်ဦး(စိစစ်ဆဲ)အား ကျည်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရ၍ သေဆုံးသူအား မတ္တရာမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

     အလားတူ မွန်းလွဲ ၁ နာရီတွင် မတ္တရာမြို့နယ်၊ အလည်ကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဦးလှဝင်း(ခ)ဦးလှမင်း(၆၆)နှစ်သည် ကျေးရွာ၏အနောက်တောင်ဘက် ၂ ဖာလုံခန့် အကွာရှိ ၎င်းပိုင်လယ်ကွက်အတွင်း ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမားနှစ်ဦး(စိစစ်ဆဲ)က ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့၍ ဦးလှဝင်း(ခ)ဦးလှမင်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

     ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများအား အကြောင်းမဲ့ ရက်စက်စွာ လုပ်ကြံသတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

HOT NEWS
January 4,