MSME များ ပိုမိုဖွံ့ဖြိုးတိုးတက်ရေး ဖော်ဆောင်ပေးထားသည့် အခွင့်အလမ်းများ အမိအရ ရယူဆောင်ရွက်

MSME များ ပိုမိုဖွံ့ဖြိုးတိုးတက်ရေး ဖော်ဆောင်ပေးထားသည့် အခွင့်အလမ်းများ အမိအရ ရယူဆောင်ရွက်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / February 07, 2025
image_latest


နိုင်ငံ့စီးပွားမြင့်မားအောင်ဆောင်ရွက်ရာတွင် ပြည်တွင်းကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို မဖြစ်မနေဆောင်ရွက်ရမည်ဖြစ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ကုန်ထုတ်လုပ်မှုကဏ္ဍ၏ အဓိကအင်အားစုဖြစ်သော အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်း (MSME) များကို အားပေးမြှင့်တင်လျက်ရှိသည်။ မြန်မာ့စီးပွားရေးလုပ်ငန်းများ၏ ၉၉ ရာခိုင်နှုန်းခန့်သည် MSME များပင်ဖြစ်ရာ မြန်မာ့စီးပွားရေးမြင့်မားစေရန် MSME များမြင့်မား ရမည်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်တွင်း MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး တွန်းအားပေးဆောင်ရွက်ရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်တိုင် တာဝန်ရှိသူများနှင့်အတူ ပြည်တွင်းဒေသအများအပြားသို့ အကြိမ်များစွာ ကွင်းဆင်းသွားရောက်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါခရီးစဉ်များတွင် ဒေသခံ MSME လုပ်ငန်းရှင်များက ငွေကြေးအရင်းအနှီး၊ မြေနေရာ၊ လျှပ်စစ်ဓာတ်အားလိုအပ်ချက်များကို အဓိကတင်ပြခဲ့ကြသည်ဟု သိရသည်။ ထို့အပြင် အဆိုပါခရီးစဉ်များ၏ အတွေ့အကြုံအရ အားနည်းချက်များကိုလည်းတွေ့ရှိခဲ့ရာ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပြည်နယ်၊ တိုင်းဒေသကြီးအဆင့် လုပ်ငန်းချိတ်ဆက်နိုင်မှု အားနည်းချက်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအချင်းချင်း၊ လုပ်ငန်းရှင်များအချင်းချင်း လုပ်ငန်းများချိတ်ဆက်နိုင်မှု၊ အတွေ့အကြုံဖလှယ်နိုင်မှုများတွင် အားနည်းချက်၊ အချင်းချင်းညှိနှိုင်းပေါင်းစပ်ခြင်းနှင့် လိုအပ်သည့် ပြုပြင်ပြောင်းလဲမှုများတွင် အားနည်းချက်၊ MSMEများနှင့် ပတ်သက်၍ နည်းပညာ၊ အထောက်အကူပစ္စည်းများနှင့် ဝန်ကြီးဌာနများအလိုက် လုပ်ဆောင်ပေးနိုင်သည်များကို အင်တာနက် Webportal များတွင် တင်ပေးထားသော်လည်း လုပ်ငန်းရှင်များ ကျယ်ကျယ်ပြန့်ပြန့် အသုံးမချနိုင်ကြသည့် အားနည်းချက်များရှိနေသည်ဟု သိရှိရသည်။ အနာသိလျှင် ဆေးရှိရမည်ဖြစ်သည့်အလျောက် အားနည်းချက်များဖြစ်ပေါ်ရသည့် အကြောင်းအရင်းများကို ရှာဖွေဖော်ထုတ်၍ အားသာချက်များဖြစ်ပေါ်လာအောင် ကုစားနိုင်ကြရမည်ဖြစ်သည်။

၂၀၁၇ ခုနှစ်က ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ MSME စီးပွားရေးလုပ်ငန်း ကုန်ထုတ်လုပ်မှုစစ်တမ်းအရ ထုတ်လုပ်မှုလုပ်ငန်းအများစုသည် မြန်မာနိုင်ငံအလယ်ပိုင်းတွင်တည်ရှိပြီး အဓိကထုတ်လုပ်မှုမှာ စားသောက်ကုန်လုပ်ငန်းဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံအလယ်ပိုင်းတွင် အဝတ်အထည်နှင့် အထည်အလိပ်လုပ်ငန်းများလည်းရှိသည်။ ထို့အပြင် တီထွင်ဆန်းသစ်မှုနည်းပါးခြင်း၊ နည်းပညာနိမ့်ကျခြင်း၊ ရေနှင့် လျှပ်စစ်ဓာတ်အားရရှိမှုနည်းပါးခြင်း၊ အင်တာနက်အသုံးပြုသူ ရာခိုင်နှုန်းအလွန်နည်းပါးခြင်း၊ ကုန်ထုတ်လုပ်မှုအတွက် စက်ယန္တရားများ အဆင့်မီမသုံးစွဲနိုင်ခြင်းတို့ကြောင့် နိုင်ငံတကာအရည်အသွေးမရရှိနိုင်ဘဲ ပြည်ပဈေးကွက်ကိုလည်း လက်လှမ်းမမီသည့်အခြေအနေဖြစ်သည်ဟု သိရသည်။ အထက်တွင် ဖော်ပြခဲ့သမျှ အားနည်းချက်များကို လေ့လာသုံးသပ်မည်ဆိုပါက MSME လုပ်ငန်းရှင်များအကြား ပူးပေါင်း လုပ်ကိုင်ဆောင်ရွက်မှုနှင့် အသိပညာဗဟုသုတတို့ မြှင့်တင်မှုတို့လိုအပ်နေသည်ဟု ဆိုနိုင်သည်။ သေးငယ်သည့်လုပ်ငန်းများမှာ ကြီးပွားတိုးတက်ရန်နှင့် ရေရှည်ရပ်တည်ရန် ခက်ခဲနိုင်သည့်အတွက် လုပ်ငန်းတူသူတို့ စိတ်တူကိုယ်တူပူးပေါင်းကာ သမဝါယမဖွဲ့ ဆောင်ရွက်ရန်လည်းလိုသည်။

ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကြီးကို နေပြည်တော်တွင် မကြာမီကျင်းပတော့မည်ဖြစ်ရာ သာမန်အားဖြင့် ထုတ်ကုန်များခင်းကျင်းပြသရုံ၊ ယှဉ်ပြိုင်ရုံမျှသာမကဘဲ လုပ်ငန်းရှင်များအကျိုးဖြစ်ထွန်းရေး၊ လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး အခွင့်အလမ်းများ ဖော်ဆောင်ပေးခြင်းဖြစ်သည့်အလျောက် အခွင့်အလမ်းများကို အမိအရဆုပ်ကိုင်အသုံးချနိုင်ကြရမည်ဖြစ်သည်။ ဤပြပွဲ ပြိုင်ပွဲကြီးတွင် နိုင်ငံတစ်ဝန်းမှ ရောက်ရှိလာမည့် ထုတ်ကုန်ပစ္စည်းများအချင်းချင်း အပြန်အလှန်ကြည့်ရှုလေ့လာ၍ မိမိတို့၏ အားသာချက်၊ အားနည်းချက်များကို နှိုင်းယှဉ်ပြုပြင်နိုင်ကြမည်ဖြစ်သည်။ ထို့အပြင် မိမိတို့၏ထုတ်ကုန်များကို ပြည်တွင်းဈေးကွက်တွင်သာမက ပြည်ပဈေးကွက်သို့ တွင်တွင်ကျယ်ကျယ် တင်ပို့ရောင်းချနိုင်မည်ဆိုပါက များစွာပိုမိုအကျိုးဖြစ်ထွန်းနိုင်မည်ဖြစ်ရာ ယင်းနှင့်ပတ်သက်၍လည်း ပြည်ထောင်စုအဆင့်ကျင်းပသည့် ဤပြပွဲပြိုင်ပွဲကြီးတွင် လေ့လာနိုင်ကြမည်ဖြစ်သည်။

MSME လုပ်ငန်းများသည် ပုဂ္ဂလိကပိုင်လုပ်ငန်းများဖြစ်သည့်အလျောက် ပြည်တွင်းရှိလုပ်ငန်းရှင်များကိုယ်တိုင် ဆောင်ရွက်နေကြခြင်းဖြစ်ပြီး အချို့ကိစ္စရပ်များတွင် နိုင်ငံတော်အစိုးရပိုင်းကလည်း ကူညီဆောင်ရွက်ပေးနေရသည်။ ပုဂ္ဂလိကလုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဦးချင်းအနေဖြင့်လည်းကောင်း၊ စုပေါင်းအင်အားဖြင့်လည်းကောင်း အောင်မြင်စွာဆောင်ရွက်နိုင်ရန်လိုအပ်ကြောင်းနှင့် နိုင်ငံတော်က အားပေးဆောင်ရွက်နေသည့် အခွင့်အလမ်းများကိုရယူကာ အကျိုးရှိရှိထိထိရောက်ရောက် အသုံးပြုကြရပါမည့်အကြောင်း။      ။