လူတိုင်း၊ အိမ်တိုင်းပါဝင်သည့် ရပ်ရွာသန့်ရှင်းရေး ဆောင်ရွက်
လူတိုင်း၊ အိမ်တိုင်းပါဝင်သည့် ရပ်ရွာသန့်ရှင်းရေး ဆောင်ရွက်
Ministry of Information/ Naypyitaw / May 28, 2026
မုတ်သုံအဝင် မိုးရွာသွန်းမှုစတင်သည်နှင့် သန့်ရှင်းမှုအားနည်းသည့် မြို့ပြရပ်ရွာတို့မှာ ပတ်ဝန်းကျင်ညစ်ညမ်းမှုဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်လေ့ရှိသည်ကို နှစ်စဉ်လိုလိုတွေ့ရတတ်သည်။ တစ်နှစ်ပတ်လုံးစည်းကမ်းမဲ့စွာ စွန့်ပစ်ထားသည့် အမှိုက်သရိုက်များက ရေနုတ်မြောင်းများကို ပိတ်ဆို့စေမှုကြောင့် မိုးရွာသည့်အခါ ရေမစီးဆင်းနိုင်ဘဲ အမှိုက်များနှင့် ရေဆိုးများကို လမ်းများ၊ လူသွားစင်္ကြံများပေါ် ဖုံးလွှမ်းသွားစေသည်။ မိုးဦးလေဦးကာလညစ်ညမ်းသည့် ပတ်ဝန်းကျင်အခြေအနေတွင် ရေမသန့်ရှင်းခြင်း၊ အစားအစာမသန့်ရှင်းခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းခြင်းတို့ကြောင့် ဖြစ်ပွားနိုင်သည့်ရောဂါများကို သတိပြုကြရန်လိုသည်။
မသန့်ရှင်းသော ရေနှင့် အစားအစာများကို စားသောက်မိခြင်းမှတစ်ဆင့် ကူးစက်ဖြစ်ပွားနိုင်သည့် ရောဂါများအနက် ကာလဝမ်းရောဂါမှာ အန္တရာယ်ကြီးသည့် ရောဂါဖြစ်သည်။ ကာလဝမ်းရောဂါကို ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဟုလည်းခေါ်ဆိုပြီး Vibrio Cholerae ခေါ် ကာလဝမ်းရောဂါပိုးများပါရှိနေသည့် ရေနှင့် အစားအသောက်များ စားသောက်မိရာမှ ကူးစက်ဖြစ်ပွားစေသည်။ ကာလဝမ်းရောဂါပိုးသည် ရောဂါဖြစ်နေသူထံမှ စွန့်ပစ်လိုက်သည့် မစင်၌ ပါဝင်နေပြီး ပတ်ဝန်းကျင်သန့်ရှင်းမှုနည်းပါး/ကင်းမဲ့သည့်အခါ ကူးစက်ပျံ့နှံ့သွားနိုင်သည်။ ယင်လုံအိမ်သာဆောက်လုပ်သုံးစွဲမှုအားနည်းခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းမှုအားနည်းခြင်း၊ အိမ်သာတက်ပြီး လက်မဆေးခြင်း၊ အစားမစားမီ လက်ကိုစင်ကြယ်အောင် မဆေးခြင်း၊ ယင်နားစာများနှင့် မသန့်ရှင်းသည့် အစားအစာများ စားသုံးခြင်းတို့က ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကို ကူးစက်စေနိုင်သည်။
ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါခေါ် ကာလဝမ်းရောဂါ ဖြစ်ပွားသည့်အခါ အရည်ဝမ်းများသွားခြင်း၊ အော့အန်ခြင်းတို့ ဖြစ်ပေါ်ရာ ခန္ဓာကိုယ်အတွင်းရှိ ရေနှင့်ဓာတ်ဆားများ လျင်မြန်စွာ ကုန်ခန်းသွားခြင်းကြောင့် အရည်ခန်းခြောက်ခြင်း၊ အားအင်ကုန်ခန်းခြင်း၊ ကြွက်တက်ခြင်း၊ သတိလစ်ခြင်း စသည်တို့ဖြစ်ပွားပြီး အချိန်မီဆေးကုသမှုမခံယူပါက အသက်ဆုံးရှုံးစေနိုင်သည်။ သို့ဖြစ်ရာ ပြင်းထန်သော လက္ခဏာရှိက အသက်ဆုံးရှုံးမှုမှ ကာကွယ်နိုင်ရန် ရောဂါဖြစ်လျှင်ဖြစ်ချင်း နီးစပ်ရာ ကျန်းမာရေးဌာနသို့ သွားရောက်၍ ကုသမှုခံယူကြရန်လိုသည်။
ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ရန်အတွက် သောက်သုံးမည့် ရေ၊ စားမည့်အစားအစာ၊ မိမိ၏ လက်များနှင့် အိမ်သာ၊ အိမ်ပတ်ဝန်းကျင်တို့ သန့်ရှင်းမှုရှိရန် ဂရုပြုဆောင်ရွက်ကြရမည်ဖြစ်သည်။ ရေကိုကျိုချက်၍ သို့မဟုတ် ကလိုရင်းခတ်၍ သောက်ရန်၊ အစားအစာကို ယင်မနားရန် ဖုံးအုပ်ထားပြီး ပူပူနွေးနွေးစားသောက်ရန်၊ အမှည့်လွန်၊ မှိုတက်၊ ယင်နားသည့် သစ်သီးများ၊ စားစရာများကို မစားရန်၊ ယင်လုံအိမ်သာသုံးစွဲရန်နှင့် အိမ်သာ သန့်ရှင်းရေးကို အထူးဂရုပြုရန်၊ အစာမစားမီနှင့် အိမ်သာသုံးစွဲပြီး တိုင်းလက်ကို ဆပ်ပြာဖြင့် စင်ကြယ်စွာဆေးကြောရန်တို့ကို သတိထား၍ ကျင့်သုံးကြမှသာ ဝမ်းရောဂါဘေးကင်းဝေးစေမည်ဖြစ်သည်။
ဝမ်းရောဂါဖြစ်ပွားသူ၏ အဝတ်အစားများကို အများသုံးရေကန်များအနီးတွင် လျှော်ဖွပ်ခြင်းကို ရှောင်ကြဉ်ကြရမည်ဖြစ်ပြီး ကလေးများ၏ မစင်များကို စွန့်ပစ်ရာတွင်လည်း ယင်မနားအောင် စနစ်တကျစွန့်ပစ်ရမည်ဖြစ်သည်။ အိမ်တွင်ဖြစ်စေ၊ ဆိုင်တွင်ဖြစ်စေ အစားအစာပြင်ဆင်သူများသည်လည်း အစားအစာများကို မကိုင်မီ၊ မပြင်ဆင်မီ လက်ကိုဆပ်ပြာဖြင့် စင်ကြယ်စွာ ဆေးကြောကြရန်လိုသည်။ အထက်ပါအတိုင်း သန့်ရှင်းရေးများ ဂရုတစိုက်ဆောင်ရွက်ခြင်းက ကာလဝမ်းရောဂါသာမက အူရောင်ငန်းဖျားကဲ့သို့သော ရောဂါမျိုးကိုပါ ကာကွယ်ပေးနိုင်မည်ဖြစ်သည်။
ရပ်ကွက်များ၊ ကျေးရွာများတွင် နေထိုင်ကြသူအားလုံးတို့ ကူးစက်ရောဂါများမှ ကင်းဝေးပြီး ကျန်းမာရေးနှင့် ညီညွတ်စွာ နေထိုင်နိုင်ကြရန်အတွက် ပတ်ဝန်းကျင်သန့်ရှင်းရေးသည် မဖြစ်မနေလိုအပ်ပြီး ရပ်ရွာပတ်ဝန်းကျင်သန့်ရှင်းရေးအတွက် အားလုံးတွင် တာဝန်ရှိသည်။ တစ်ယောက်မှစ၍ အားလုံးစည်းကမ်းမဲ့စွာ အမှိုက်များကို စွန့်ပစ်ခြင်း၊ အိမ်သာများကို သန့်ရှင်းစွာ မထားခြင်း၊ အိမ်နှင့်ပတ်ဝန်းကျင်၌ ချုံနွယ်ပိတ်ပေါင်းများ ပေါက်ရောက်နေပြီး ရေဝပ်နေခြင်း စသည်တို့မှာ ရပ်ရွာကို သန့်ရှင်းသပ်ရပ်မှုကင်းမဲ့စေပြီး အမြင်မတင့်တယ်စေသလို ရပ်ရွာနေသူတို့၏ ကျန်းမာရေးကိုလည်း ထိခိုက်စေမည်ဖြစ်သည်။ လူတိုင်း မိမိကိုယ်ကို သန့်ရှင်းရေး၊ မိမိနေအိမ်နှင့် အဝန်းအဝိုင်းသန့်ရှင်းရေးတို့ကို တာဝန်ယူဆောင်ရွက်ခြင်းဖြင့် အိမ်တိုင်းသန့်ရှင်းကာ တစ်ရပ်ကွက်လုံး၊ တစ်ရွာလုံးသန့်ရှင်းပြီး ကျန်းမာရေးနှင့်ညီညွတ်သော ပတ်ဝန်းကျင်ကို လူတိုင်းရရှိနိုင်ကြမည်ဖြစ်သည်။
မိုးဦးလေဦးကာလတွင် ဖြစ်ပွားလေ့ရှိသော ပြင်းထန်ဝမ်းပျက်ဝမ်းလျှော (ကာလဝမ်း) ရောဂါသာမက သွေးလွန်တုပ်ကွေးရောဂါ၊ ဂျပန်ဦးနှောက်ရောင်ရောဂါကဲ့သို့သော ခြင်ကြောင့် ဖြစ်တတ်သည့် ရောဂါများကိုပါ ကာကွယ်နိုင်ရေးအတွက် လူတိုင်း၊ အိမ်တိုင်းပါဝင်သည့် ရပ်ရွာသန့်ရှင်းရေးကို မဖြစ်မနေ ပူးပေါင်းဆောင်ရွက်ကြရန် နှိုးဆော်တိုက်တွန်းအပ်ပါကြောင်း။ ။
တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် တစ်ဦးအစားထိုးပြောင်းလဲ
Posted on May 27, 2026တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် တစ်ဦးအစားထိုးပြောင်းလဲ
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ
Posted on Jan 31, 2025၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ
CrowdStrike Falcon Update နှင့်ပတ်သက်သည့် သတိပေးကြေညာချက်
Posted on Jul 19, 2024
