ထောင်ဝင်စာတွေ့ဆုံခြင်းနှင့် ပစ္စည်းများပေးသွင်းခွင့်ပြုခြင်းအတွက် ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ အဂတိလိုက်စားမှုနှင့် စပ်လျဉ်း၍ Online မှ တိုင်ကြားခြင်း

ထောင်ဝင်စာတွေ့ဆုံခြင်းနှင့် ပစ္စည်းများပေးသွင်းခွင့်ပြုခြင်းအတွက် ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ


Ministry of Home Affairs / July 23, 2024

၁။          ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပွားမီအချိန်အထိ အကျဉ်းထောင်/စခန်း အသီးသီးရှိ အကျဉ်းသား၊ အချုပ်သားများ၏ မိတ်ဆွေများ၊ မိသားစုဝင်များအား ထောင်ဝင်စာ တွေ့ဆုံခွင့်ပြုပေးလျက် ရှိပါသည်။ အကျဉ်းဦးစီးဌာန၏ ထောင်ဝင်စာတွေ့ဆုံ ခွင့်ပြုသည့် လုပ်ငန်းစဉ်ကို လုပ်ထုံးလုပ်နည်းနှင့် အညီ အကျဉ်းသား၊ အချုပ်သားမခွဲဘဲ ဧည့်တွေ့ခွင့်ကို တစ်ပတ်လျှင် တစ်ကြိမ်တွေ့ဆုံခွင့်ပြုလျက်ရှိပြီး ထောင်ဝင်စာဧည့်တွေ့ချိန်ကို အနိမ့်ဆုံး ၂၅ မိနစ် တွေ့ဆုံခွင့်ပြုထားသော်လည်း ဝေးလံသောဒေသမှ လာရောက်တွေ့ဆုံရခြင်းဖြစ်ပါက အကျဉ်းထောင်ရှိ လူဦးရေ၊ ဧည့်တွေ့သူလူဦးရေ အနည်း/အများအပေါ် မူတည်၍ ဧည့်တွေ့ခြင်းအတွက် ခွင့်ပြုချိန်ကို အကျဉ်းထောင်တာဝန်ခံအရာရှိမှ လိုအပ်သလို တိုးမြှင့်ခွင့်ပြု ပေးလျက်ရှိပါသည်။

၂။          ၂၄-၁၀-၂၀၂၃ ရက်နေ့မှစ၍ ထောင်ဝင်စာတွေ့ဆုံခွင့်အား အောက်ပါအတိုင်း ခွင့်ပြုပေးလျက် ရှိပါသည်-

  • အိမ်ထောင်စုဇယားတွင်ပါရှိသော အကျဉ်းသား/အချုပ်သား၏ မိသားစုဝင်များနှင့် ဆွေမျိုးများကိုသာ ထောင်ဝင်စာတွေ့ဆုံခွင့်ပြုခြင်း၊
  • တစ်ကြိမ်လျှင် မိသားစုဝင်နှင့်ဆွေမျိုး ၁ ဦးသာ ခွင့်ပြုခြင်း၊
  • တစ်လ တစ်ကြိမ်သာ တွေ့ခွင့်ပြုခြင်း၊
  • သတ်မှတ်နေ့ရက်များတွင် ၀၈၀၀ နာရီမှ ၁၁၃၀ နာရီချိန်အတွင်း၊ ၁၄၃၀ နာရီမှ ၁၆၃၀ နာရီချိန်အတွင်း ထောင်ဝင်စာတွေ့ဆုံခွင့်ပြုခြင်း၊
  • ဧည့်တွေ့ချိန်ကို ၂၀ မိနစ်ခွင့်ပြုခြင်း။

၃။          ရှေ့နေတွေ့ဆုံခွင့်အား လူကိုယ်တိုင်တွေ့ဆုံခွင့်မပြုသေးဘဲ အမှုလိုက်ပါ ဆောင်ရွက်နိုင်ရန် အတွက် ကိုယ်စားလှယ်လွှဲစာပေါ်တွင် လက်မှတ်ရေးထိုးခွင့်အား ခွင့်ပြုပေးလျက်ရှိပါသည်။

၄။          ထောင်ဝင်စာတွေ့ဆုံသူများအနေဖြင့် အောက်ပါအချက်များကို လိုက်နာဆောင်ရွက်ရပါမည်-

  • ထောင်ဝင်စာလာရောက်တွေ့ဆုံသူများသည် အောက်ဖော်ပြပါ စာရွက်စာတမ်း အထောက်အထားများ ယူဆောင်လာရမည်
    • မှတ်ပုံတင်မူရင်း၊
    • အိမ်ထောင်စုဇယားမူရင်း၊
    • ရက်သတ္တ (၁) ပတ်အတွင်း ပြုလုပ်ထားသည့် ရပ်ကွက်တွင် နေထိုင်ကြောင်း ထောက်ခံစာမူရင်း၊
    • ရက်သတ္တ (၁) ပတ်အတွင်း ပြုလုပ်ထားသည့် ပြစ်မှုကင်းရှင်းကြောင်း ရဲစခန်း ထောက်ခံစာမူရင်း၊
    • ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ၂ ကြိမ် ထိုးနှံပြီးစီးကြောင်း အထောက် အထား၊
    • နိုင်ငံအတွင်း၌ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိနှုန်း ၂% အထက်ရှိနေချိန် ဖြစ်ပါက ထောင်ဝင်စာ မတွေ့မီ ၄၈ နာရီအတွင်း စစ်ဆေးထားသည့် ကိုဗစ်-၁၉ ရောဂါ RT-PCR Negative အဖြေပြသရန် (အကျဉ်းထောင်/ အချုပ်ခန်းများတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းလမ်းညွှန် Version 2.0)။ 
  • တားမြစ်ပိတ်ပင်ထားသော ပစ္စည်းများအား ယူဆောင်လာခြင်းမပြုရ၊
  • ထောင်ဝင်စာ ပါဆယ်ပစ္စည်းများကို ထွင်းဖောက်မြင်နိုင်သည့် အိတ်အကြည်၊ ကော်ဗူးအကြည်များဖြင့်သာ ထည့်သွင်းယူဆောင်လာရမည်၊
  • သတ်မှတ်ထားသည့် ထောင်ဝင်စာ ပါဆယ်ပစ္စည်းအမျိုးအမည်၊ အရေအတွက်ထက် ကျော်လွန်ပြီး ယူဆောင်လာခြင်းမပြုရ၊
  • တာဝန်ရှိသူများ၏ စစ်ဆေးမေးမြန်းခြင်း၊ ရှာဖွေခြင်းနှင့် မသင်္ကာဖွယ်ရာ ပစ္စည်းများ ဖြစ်ပါက ဖွင့်ဖောက်စစ်ဆေးခြင်းများကို ကြည်ဖြူစွာ လက်ခံရမည်၊
  • သတ်မှတ်ထားသည့်နေရာမှအပ အကျဉ်းထောင်/အချုပ်ထောင်/စခန်းဝန်း အတွင်းရှိ မည်သည့်နေရာကိုမျှ သွားလာခြင်းမပြုရ၊
  • ထောင်ဝင်စာတွေ့ဆုံချိန်တွင် ပါးစပ်နှင့် နှာခေါင်းစည်း (Mask) ဝတ်ဆင်ရမည်၊
  • တာဝန်ရှိသူမှ လုံခြုံရေးအရ Mask အားခေတ္တချွတ်ရန်ပြောပါက ကြည်ဖြူစွာ လက်ခံရမည်၊
  • အကျဉ်းထောင်/အချုပ်ထောင်/စခန်းအဝင်တွင် ကိုယ်အပူချိန် တိုင်းတာစစ်ဆေးမှု ခံယူရမည်၊
  • ဖျားနာခြင်းနှင့် အခြားကိုဗစ်-၁၉ ရောဂါသံသယလက္ခဏာများ ခံစားနေရပါက ထောင်ဝင်စာလာရောက်တွေ့ဆုံခြင်းမပြုရ၊
  • ကျန်းမာရေးဝန်ကြီးဌာနမှ ကူးစက်ရောဂါမြင့်မားသည်ဟု ထုတ်ပြန်သည့်အချိန်တွင် သော်လည်းကောင်း၊ အကျဉ်းထောင်/အချုပ်ထောင်/စခန်းအတွင်း ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားမှုတွေ့ရှိလျှင်သော်လည်းကောင်း ထောင်ဝင်စာတွေ့ဆုံခွင့်ကို ယာယီဆိုင်းငံ့ မည်ဖြစ်ပါသည်။

၅။          ဝန်ဆောင်ခ အခမဲ့ဖြစ်ပါသည်။

ထောင်ဝင်စာတွေ့ဆုံရာတွင် ပစ္စည်းများ ပေးသွင်းခွင့်

၆။         အကျဉ်းထောင်၊ စခန်းအသီးသီးရှိ အကျဉ်းသားများ၊ အချုပ်သားများအား ထောင်ဝင်စာတွေ့ဆုံစဉ် ပစ္စည်းပေးသွင်းခွင့်အား အောက်ဖော်ပြပါ သတ်မှတ်ချက်နှင့်အညီ ပေးသွင်းခွင့်ပြုပေးလျက်ရှိပါသည်-

  • သစ်သီးတစ်မျိုး၊ သင်္ဘောသီးတစ်လုံး (သို့) ငှက်ပျောသီးတစ်ဖီး (သို့) လိမ္မော်သီး-၁၀လုံး)၊ (အသီးအနှံတစ်မျိုးတည်းသာ)
  • မုန့်တစ်မျိုး၊ ကိတ်ခြောက် (သို့) မုန့်ကြွပ် (သို့) ဘီစကွတ်တစ်ထုပ်(၂၅ ကျပ်သားခန့်)
  • အသားကြော်တစ်မျိုး၊ ငါး၊ ဝက်သား၊ ကြက်သား၊ ဆိတ်သား အကြော် (၅၀ ကျပ်သားခန့်) (အသားကြော်တစ်မျိုးတည်းသာ)
  • ဘာလချောင်ကြော် (သို့) ငါးပိကြော် (သို့) သရက်သီးသနပ်တစ်မျိုးမျိုး (၂၀ ကျပ်သားခန့်)
  • အသင့်တစ်ခါစားခေါက်ဆွဲ (သို့) ကြာဇံ (သို့) မုန့်ဟင်းခါးထုပ် (၅) ထုပ်
  • အသင့်ဖျော်တစ်ခါသောက်ကော်ဖီမစ် (သို့) တီးမစ် (သို့) ကွေကာအုပ် (၇) ထုပ်
  • သွားတိုက်ဆေး (၁) ဘူး
  • သွားတိုက်တံ (၁) ချောင်း
  • ကိုယ်တိုက်ဆပ်ပြာ (၁) တုံး
  • ဆေးဝါးများကို ဆေးလက်မှတ်ထောက်ခံချက်ပါက အကျဉ်းထောင်ဆရာဝန်ထံ အပ်နှံထားရှိကာ ဆရာဝန်၏ခွင့်ပြုချက်ဖြင့် သုံးစွဲစေရမည်။

ဆက်သွယ်ရမည့်လိပ်စာ

၇။          သက်ဆိုင်ရာ အကျဉ်းထောင်/စခန်းတည်ရှိသည့် နေရာများ

ဝန်ဆောင်မှုရရှိနိုင်မည့် တည်နေရာများ

၈။          သက်ဆိုင်ရာ အကျဉ်းထောင်/စခန်းတည်ရှိသည့် နေရာများ

ဖြည့်စွက်ချက်

၉။          အကျဉ်းထောင်လက်စွဲဉပဒေအပိုဒ်-၃၇၃တွင် အောက်ပါပစ္စည်းများအား တားမြစ်ပိတ်ပင်ထားပါသည်-

  • အရက်(သို့) အရက်ပြန်ပါရှိသော မည်သည့်အရည်အမျိုးအစားမဆို၊
  • ဆေးလိပ်သောက်ရန်၊ ဆေးဝါးရန်(သို့) ရှူရှိုက်ရန် ပစ္စည်းများဖြစ်သော ဆေးရွက် ဆေးတံများ၊ ကျလင်များ အစရှိသည်၊
  • ဂန်ဂျာ(ဆေးခြောက်) ဘိန်း သို့မဟုတ် အခြားဆေးဝါးရန် အဆိပ်ရှိသော ပစ္စည်း တစ်စုံတစ်ရာ၊
  • အဆိပ်ရှိသော ပစ္စည်းများ၊ မီးမွေးရန်ပစ္စည်းများ သို့မဟုတ် ကိုယ်အင်္ဂါချို့ယွင်း ပျက်စီးစေနိုင်သော ပစ္စည်းများ၊
  • ငွေများ၊ ငွေစက္ကူများ၊ အဖိုးတန်စာရွက်စာတမ်းများ၊ ရွှေငွေလက်ဝတ် တန်ဆာများ (သို့မဟုတ်) အဆင်တန်ဆာအမျိုးမျိုး၊
  • အကျဉ်းထောင်တာဝန်ခံမှ အသိအမှတ်မပြုသော စာအုပ်များ၊ ပုံနှိပ်ပစ္စည်းများ၊ စာများ သို့မဟုတ် စာရေးကိရိယာအမျိုးမျိုး၊
  • ဓားများ၊ လက်နက်များ၊ ကျစ်ကြိုးများ၊ ကြိုးများ၊ ဝါးများ၊ လှေကားများ၊ တုတ်များ၊ အခြားလက်နက်ကိရိယာများနှင့် ထွက်ပြေးရန် လွယ်ကူသော ပစ္စည်းအားလုံး တို့အား အလုပ်ချိန်မှအပ ထောင်လုပ်ငန်းတွင် အသုံးပြုရန် လိုအပ်သော နေရာများ၌ အသုံးပြု၍ ထုတ်ပေးထားသည့် ကိစ္စများဖြစ်သည်။
  • အကျဉ်းထောင် ကုန်လှောင်ရုံမှ ဖြစ်စေ၊ ကုန်ဖြန့်ဖြူးရေးမှ ဖြစ်စေ၊ အကျဉ်းသားများ အသုံးပြုရန်အတွက် ထုတ်ပေးခြင်းမဟုတ်သော မည်သည့်ပစ္စည်းများမဆို။

မှတ်ချက်။ အကျဉ်းထောင်လက်စွဲ ဥပဒေအပိုဒ်-၃၇၃တွင် ဖော်ပြမထားသော်လည်း အကျဉ်းဦးစီးဌာန၏ အမိန့်၊ ညွှန်ကြားချက်များဖြင့် တားမြစ်ပိတ်ပင်ထားသော ပစ္စည်းများကိုလည်း ပေးသွင်း ခွင့်မပြုပါ။ (ဉပမာ-ဖုန်းများ၊ ကင်မရာများနှင့် အခြားသော အီလက်ထရောနစ် ဆက်စပ်ပစ္စည်း စသည်များ)



အဂတိလိုက်စားမှုနှင့် စပ်လျဉ်း၍ Online မှ တိုင်ကြားခြင်း


Anti-corruption Commission / June 23, 2022

တိုင်ကြားစာပုံစံ ဖြည့်သွင်းခြင်း

ဤတိုင်ကြားစာပုံစံသည် နစ်နာသူက အွန်လိုင်းမှ တစ်ဆင့် တိုင်ကြားနိုင်ပါသည်။ မိမိ တိုင်ကြားခဲ့သော တိုင်ကြားစာ ၏ အနှစ်ချုပ်ကို ပြန်လည် ကြည့်ရှုနိုင်ပါသည်။

ဖြစ်နိုင်ပါက၊တိုင်ကြားသူအနေဖြင့် တိုင်ကြားစာတွင် အောက်ပါ အချက်အလက်များအား ထည့်သွင်းသင့်ပါသည်။

- မည်သည့်နေရာ၊ မည်သည့်အချိန်တွင် အဂတိလိုက်စားမှုက မည်သို့ ဖြစ်ပွားခဲ့သည်။

- မည်သူပါဝင်ခဲ့သည်။

- ၎င်းကို မည်သည့်အတွက်ကြောင့် အဂတိလိုက်စားမှုဟု ယူဆသည်။

 

တိုင်ကြားသူ၏ အောက်ဖော်ပြပါ အချက်အလက်များ ပါရှိရမည်-

(၁)    အမည်

(၂)    လက်မှတ် (စာတိုက်မှပေးပို့ပါက)

(၃)    နိုင်ငံသားစိစစ်ရေးကဒ်ပြား မိတ္တူ

(၄)    ဖုန်းနံပါတ်နှင့် ဆက်သွယ်ရန်လိပ်စာ

 

တိုင်ကြားစာပေးပို့ရန် နည်းလမ်းများ

၁။  လူကိုယ်တိုင်လာရောက်တိုင်တန်းခြင်း

ရုံးဖွင့်ချိန် တနင်္လာနေ့မှ သောကြာနေ့ထိ (တရားဝင်ရုံးပိတ်ရက်များ မပါ)

မနက် ၁၀ နာရီမှ ညနေ ၄ နာရီထိ

၂။  စာတိုက်မှပေးပို့ရမည့်လိပ်စာ

ဥက္ကဋ္ဌ

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်

ရုံးအမှတ် (၅၆)၊ ဇေယျဌာနီလမ်း၊ ဉတ္တရသီရိမြို့နယ်၊ နေပြည်တော်။

၃။  Website မှ တစ်ဆင့် တိုင်ကြားခြင်း

https://www.accm.gov.mm/complaint/