SIM Card များ စနစ်တကျမှတ်ပုံတင်နိုင်ရေးနှင့်စပ်လျဉ်း၍ အသိပေးနှိုးဆော်ချက်


ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန/ နေပြည်တော် / March 25, 2019


၁။ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် မိုဘိုင်းဖုန်းကို အသုံးပြု၍ ငွေပေးငွေယူကိစ္စ (Mobile Financial Service) ဆောင်ရွက်မှုများ ပိုမိုတိုးတက်လာသည်နှင့်အမျှ အဆိုပါကိစ္စရပ်များအား လုံခြုံစိတ်ချမှုရှိစွာဆောင်ရွက်နိုင်ရန်၊ အများပြည်သူလုံခြုံရေးကို ထိရောက်စွာ အကာအကွယ်ပေးနိုင်ရန်၊ SIM Card ပျက်စီး ပျောက်ဆုံးမှုများဖြစ်ပေါ်ပါက အလွယ်တကူ ပြန်လည်ရရှိသုံးစွဲနိုင်ရန်တို့အတွက် SIM Card များကို စနစ်တကျမှတ်ပုံတင်၍ သုံးစွဲရန် အများပြည်သူ သို့ အသိပေးကြေညာခဲ့ပြီး SIM Card မှတ်ပုံတင်ခြင်းကို ၂၀၁၆ ခုနှစ် သြဂုတ်လ မှ စတင်ဆောင်ရွက် စေခဲ့ပါသည်။

၂။ ယခုအခါတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားတစ်ခုတည်းဖြင့် SIM Card အမြောက်အမြားကို မှတ်ပုံတင်၍ အခြားသူများကို တစ်ဆင့်ပြန်လည်ရောင်းချလျက်ရှိခြင်း၊ မိမိတို့၏အမည်ဖြင့် မှတ်ပုံတင်ထားခြင်းမရှိသည့် ဆင်းကတ်များကို စျေးကွက်တွင် အလွယ်တကူဝယ်ယူသုံးစွဲနေခြင်းသည် နိုင်ငံတော်အစိုးရက မိုဘိုင်းဖုန်းအသုံးပြုခြင်းနှင့် စပ်လျဉ်း၍ အများပြည်သူလုံခြုံရေးကို ထိရောက်စွာ အကာအကွယ်ပေးရန် ဆောင်ရွက်ရာတွင် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိပါသည်။

၃။ SIM Card များ စနစ်တကျမှတ်ပုံတင်ရေးဆောင်ရွက်ရာတွင် သုံးစွဲသူများအနေဖြင့် မိမိတို့၏ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှန်ဖြင့်သာသုံးစွဲရေး၊ မိမိ၏နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်ဖြင့် အခြားသူများမသုံးစွဲစေနိုင်ရေးတို့သည် အရေးကြီးပါသည်။ အခြားသူများ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်ဖြင့် သုံးစွဲနေပါကလည်း မိမိတို့၏နိုင်ငံသားစိစစ်ရေးကတ်ပြားအမှန်ဖြင့် မှတ်ပုံတင်နိုင်ရေးအတွက် သက်ဆိုင်ရာဆက်သွယ်ရေးအော်ပရေတာများနှင့် ချိတ်ဆက်ဆောင်ရွက် သွားရန်ဖြစ်ပါသည်။ မိမိတို့လက်ရှိ သုံးစွဲလျက်ရှိသော SIM Card များကို နိုင်ငံသားစိစစ်ရေးကတ်ပြားအမှန်ဖြင့် မှတ်ပုံတင်ပြုလုပ်ခြင်းသည် ပြည်သူလူထု တစ်ရပ်လုံးပါဝင်ဆောင်ရွက်ကြရန် လိုအပ်သည့်လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါသည်။

၄။ SIM Card များ မှတ်ပုံတင်ခြင်းပြုလုပ်ရန်အတွက် လိုအပ်သည့်အချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

  1. အမည်
  2. နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် (သို့) ကျောင်းသားကတ်၊ ယာဉ်မောင်းလိုင်စင်ကတ်၊
  3. Passport No. (နိုင်ငံခြားသားများအတွက်သာ)
  4. အမှတ်စဉ်(၂)ပါကတ်ပြားမူရင်း နှင့် မိတ္တူ
  5. အဘအမည်
  6. မွေးသက္ကရာဇ် (ရက်/လ/ခုနှစ်)
  7. လူမျိုး/ နိုင်ငံသား
  8. ကျား/မ
  9. နေရပ်လိပ်စာ

၅။ အထက်ဖော်ပြပါအပိုဒ်(၄) ၏အမှတ်စဉ်(၂)ပါ ကတ်ပြားတစ်ခုခုဖြင့် အများဆုံး SIM Card (၂)ခု သာ ဝယ်ယူစေရေး(၁-၄-၂၀၁၉) ရက်နေ့မှစတင်၍ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ (၁-၄-၂၀၁၉) ရက်နေ့ နောက်ပိုင်း SIM Card ဝယ်ယူမှတ်ပုံတင်မှုများနှင့်စပ်လျဉ်း၍ SIM Card (၂)ခုထက်ပိုပြီး မှတ်ပုံတင် ထားရှိမှုများရှိပါက ပိုမိုမှတ်ပုံတင်ထားသည့် SIM Card အသစ်များအား ပိတ်သိမ်းသွားမည် ဖြစ်ပါသည်။ သုံးစွဲသူ ပြည်သူများအနေဖြင့် SIM Card များ စနစ်တကျမှတ်ပုံတင်နိုင်ရေးနှင့်စပ်လျဉ်း၍ ပူးပေါင်း ပါဝင်ပေးကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန

နေပြည်တော်