ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ဝက်ဖြူကုန်းကျေးရွာတွင် အစာအဆိပ်သင့်ဖြစ်ပွားမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / September 19, 2024
image


ပဲခူး စက်တင်ဘာ ၁၉

၁။ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ဝါးတီးကျေးလက်ကျန်းမာရေးဌာန အပိုင်၊ ဝက်ဖြူကုန်းကျေးရွာ၊ ရွှေဖြူရတနာစာသင်တိုက်တွင် (၁၈-၉-၂၀၂၄)ရက်နေ့၊ နံနက်ပိုင်း၌ အလှူရှင်များမှ လာရောက်လှူဒါန်းသော ကြာဇံကြော်၊ အချဉ်နှင့်ထမင်း၊ ကြက်ဥမကျည်းမှည့်ချက်များအား ကျေးရွာနေပြည်သူများက စားသုံးပြီးနောက် ည(၈:၀၀)နာရီခန့်တွင် ဗိုက်နာခြင်း၊ အော့အန်ခြင်းနှင့် ဝမ်းလျှောခြင်းစသည့် အစာအဆိပ်သင့်ရောဂါလက္ခဏာများဖြစ်ပွား၍ ပြည်သူ့ဆေးရုံကြီး၊ တောင်ငူမြို့သို့ ပြင်ပလူနာအဖြစ်(၆၈)ဦး၊ အတွင်းလူနာအဖြစ်(၆၅)ဦး လာရောက်ကုသမှုခံယူခဲ့ပြီး ပြည်သူ့ဆေးရုံကြီး၊ တောင်ငူမြို့မှ အထူးကုဆရာဝန်ကြီးများမှ အနီးကပ်ကြည့်ရှုကုသမှုပေးခဲ့ရာ လူနာများအခြေအနေမှာ သက်သာကောင်းမွန်လျက်ရှိပါသည်။

၂။ သတင်းရရှိလျှင်ရရှိခြင်း (၁၈-၉-၂၀၂၄)ရက်နေ့၊ ညနေပိုင်းတွင် ရောဂါဖြစ်ပွားရာ ဝက်ဖြူကုန်းကျေးရွာ၊ ရွှေဖြူရတနာစာသင်တိုက်သို့ ပဲခူးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အုတ်တွင်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် ကျန်းမာရေးဝန်ထမ်းများပါဝင်သော ကွင်းဆင်းအဖွဲ့နှင့် ညောင်လေးပင်မြို့နယ်မှ ဆရာဝန်ဦးဆောင်သော ဆေးအဖွဲ့တို့ကကွင်းဆင်း၍ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

၃။ ဆေးရုံတက်လူနာများအနက် အတွင်းလူနာ(၄၁)ဦးသည် ရောဂါသက်သာကောင်းမွန်သဖြင့် (၁၉-၉-၂၀၂၄)ရက်နေ့၊ နံနက်ပိုင်းတွင် ဆေးရုံမှ ဆင်းခွင့်ပြုပြီးဖြစ်ပါသည်။

၄။ သဘာဝဘေးဒဏ်ခံစားရသော ပြည်သူများအား အစားအသောက်များလှူဒါန်းရာတွင် အလှူရှင်များအနေဖြင့် ပူပူနွေးနွေးပြင်ဆင်ထားသည့် သန့်ရှင်းသောအစားအသောက်များအား မြို့နယ်အလိုက် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှိ ကြီးကြပ်ရေးအဖွဲ့၊ စီမံခန့်ခွဲမှုအဖွဲ့များမှတစ်ဆင့် ပေးပို့လှူဒါန်းကြရန်နှင့် ယာယီကယ်ဆယ်ရေးစခန်းများတွင် တာဝန်ယူဆောင်ရွက်နေကြသော စီမံခန့်ခွဲမှုအဖွဲ့နှင့် ကျန်းမာရေးဝန်ထမ်းများမှ စခန်းများတွင် လှူဒါန်းကြသော အစားအသောက်များအား ကျန်းမာရေးနှင့် ညီညွတ်စေရန်နှင့် သန့်ရှင်းမှုရှိစေရန် ကြီးကြပ်ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်ပေးကြပါရန် ကျန်းမာရေးဌာနမှ တိုက်တွန်းနှိုးဆော်ထားပါသည်။