မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ အသိပေးကြေညာချက်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / October 22, 2023
image


မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ

အသိပေးကြေညာချက် ( ၅ /၂၀၂၃)

၂ဝ၂၃ ခုနှစ်၊ အောက်တိုဘာလ ၂ဝ ရက်၊ သောကြာနေ့

၁။ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသည် သတင်းမီဒီယာသမားများ၏ ရပိုင်ခွင့်နှင့် လွတ်လပ်ခွင့်များ အပြည့်အဝရရှိစေရန်နှင့် နိုင်ငံသားတိုင်း၏ သတင်းသိပိုင်ခွင့်ကို ဖြည့်ဆည်းပေးရန်တို့အပြင် သတင်းမီဒီယာသမားများကို အရည်အသွေးမြှင့်တင်ပေးရန်နှင့် သတင်းမီဒီယာများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက်လည်း ရည်ရွယ်ချက်ထား ဆောင်ရွက်လျက် ရှိပါသည်။

၂။ ယင်းသို့ဆောင်ရွက်ရင်းမှပင် သတင်းမီဒီယာသမားများနှင့် ဌာနဆိုင်ရာသတင်းအရင်း အမြစ်များအကြား အငြင်းပွားဖွယ်ရာများကြောင့်ဖြစ်စေ၊ အခြားအကြောင်း များကြောင့်ဖြစ်စေ၊ အခက်အခဲအကျပ်အတည်းများဖြင့် ရင်ဆိုင်ရသည်များရှိပါက မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီကကြားဝင်ညှိနှိုင်း ဆောင်ရွက်ပေးခြင်းဖြင့် နှစ်ဦးနှစ်ဖက်ပြေလည်မှုများ၊ သက်ဆိုင်ရာမှ ဖြေလျှော့ပေးခဲ့သည့် ဖြစ်စဉ်များရှိခဲ့ပါသည်။

၃။ ယနေ့ကာလတွင် နိုင်ငံတော်၏ဒီမိုကရေစီလမ်းကြောင်း တည့်မတ်အောင်မြင်စွာ လျှောက်လှမ်းနိုင်စေရန်အတွက်လည်းကောင်း၊ စစ်မှန်တည်တံ့ခိုင်မြဲသည့် ထာဝရ ငြိမ်းချမ်းရေး ရရှိစေရန်အတွက်လည်းကောင်း၊ တိုင်းရင်းသားပြည်သူအားလုံး၏ ငြိမ်းချမ်းသာယာဝပြောသောအနာဂတ်နှင့် ကောင်းမွန်သောပစ္စုပ္ပန်ကို အစိုးရနှင့်ပြည်သူ တစ်ရပ်လုံးက ပူးပေါင်းလက်တွဲ တည်ဆောက်ကြရမည့်အချိန်အခါ ဖြစ်သည့်အားလျော်စွာ သတင်းမီဒီယာသမားများ၊ သတင်းဌာနများသည်လည်း နိုင်ငံတော်၏ စတုတ္ထမဏ္ဍိုင်အဖြစ် တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။

၄။ သို့ရာတွင် အချို့သောမီဒီယာသမားများနှင့် သတင်းဌာနများသည် သဘောထားရိုးဖြောင့်မှုမရှိဘဲ အထက်ပါ နိုင်ငံတော်နှင့် ပြည်သူများ၏ မျှော်မှန်းချက်ကိုသွေဖည်စေရန် ရည်ရွယ်ချက် ရှိရှိဖြင့်ကြံစည် ဆောင်ရွက်မှု၊ လှုံ့ဆော်မှုအချို့ကိုလည်းကောင်း၊ လူပုဂ္ဂိုလ်နှင့်အဖွဲ့ အစည်းတို့အပေါ် ပုတ်ခတ်မှုများကိုလည်းကောင်း ဆောင်ရွက်လျက် ရှိနေသည်ကို လေ့လာတွေ့ရှိရပါသည်။ ထိုကဲ့သို့ ဆောင်ရွက်မှုသည် သတင်းမီဒီယာကဏ္ဍ၏ မှန်ကန်သော ရပ်တည်မှုကို ထိခိုက်လာနိုင်သောကြောင့် အဆိုပါလုပ်ရပ်များကို တားမြစ်ပါကြောင်းနှင့် ထိုကဲ့သို့ဆောင်ရွက်မှုကြောင့် နောက်ဆက်တွဲဖြစ်ပေါ်လာမည့်ကိစ္စရပ်များကို မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှ ကူညီဖြေရှင်း ပေးမည်မဟုတ် ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ