မြန်မာနိုင်ငံအမျိုးသားလူ့အခွင့် အရေးကော်မရှင် သတင်းထုတ်ပြန်ချက် သတင်းထုတ်ပြန်ချက်အမှတ်( ၂ /၂၀၂၅)
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့် အရေးကော်မရှင် သတင်းထုတ်ပြန်ချက် သတင်းထုတ်ပြန်ချက်အမှတ်( ၂ /၂၀၂၅)
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်/ Yangon / February 06, 2025
၁။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် အမိန့် အမှတ် (၁၆/၂၀၂၅) ဖြင့် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် (၈) ဦး ပါဝင်သော မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါသည်။
၂။ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို နိုင်ငံသားများ၏ လူ့အခွင့်အရေးများ တိုးတက်ဖော်ဆောင်ရန်နှင့် ဒီမိုကရေစီနိုင်ငံတော်အဖြစ် အသွင်ကူးပြောင်းရာတွင် အသွင်သဏ္ဍာန် နှင့် အနှစ်သာရများ ပြည့်ဝစေရန် ရည်သန်လျက် ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့တွင် ပြည်ထောင်စုအစိုးရအဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ် ၃၄/၂၀၁၁ ဖြင့် စတင်ဖွဲ့စည်းပေးခဲ့ပါသည်။ ကော်မရှင်ကို နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းများ ဖွဲ့စည်းမှု အသွင်သဏ္ဍာန်နှင့် လိုက်လျော ညီထွေရှိစေရန်နှင့် ခိုင်မာစွာ ရေရှည်ရပ်တည်နိုင်စေရန်တို့အတွက် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့် အရေး ကော်မရှင်ဥပဒေကို ၂၀၁၄ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၂၁ ဖြင့် ပြဋ္ဌာန်းထားရှိခဲ့ပါသည်။
၃။ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥပဒေအရ ဖွဲ့စည်းရပ်တည်လျက်ရှိသော ကော်မရှင်သည် တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါသည်။ အဓိကလုပ်ငန်းတာဝန်များဖြစ်သော ပြည်သူများအား လူ့အခွင့် အရေး ပညာပေးရေးနှင့် အသိပညာပြန့်ပွားရေး မြှင့်တင်ဆောင်ရွက်ခြင်း၊ လူ့အခွင့်အရေး ဖောက်ဖျက် ခံရခြင်းမရှိစေရန် ကာကွယ်စောင့်ရှောက်ခြင်း၊ နိုင်ငံတော်၏ တည်ဆဲဥပဒေများသည် အပြည်ပြည် ဆိုင်ရာ လူ့အခွင့်အရေးစာချုပ်များနှင့် လိုက်လျောမှုရှိစေရန် အကြံပြုခြင်း၊ နိုင်ငံတော်က ပါဝင် ချုပ်ဆိုသင့်သော လူ့အခွင့်အရေးစာချုပ်များကို အစိုးရအဖွဲ့သို့ တင်ပြအကြံပြုခြင်း၊ အစိုးရအဖွဲ့ အစည်းများ၊ အရပ်ဘက် အဖွဲ့အစည်းများသာမက အပြည်ပြည်ဆိုင်ရာနှင့် ဒေသဆိုင်ရာ လူ့အခွင့် အရေးယန္တရားများနှင့် ထိတွေ့ဆောင်ရွက်ခြင်းစသည့် ကျယ်ပြန့်သိမ်မွေ့သော တာဝန်နှင့် လုပ်ငန်း များကို ဆောင်ရွက်လျက်ရှိပါသည်။
၄။ ကော်မရှင်သည် နိုင်ငံသားများ၏ အခွင့်အရေး မြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရာတွင် ကော်မရှင်ဥပဒေပါ ရည်ရွယ်ချက်များ အောင်မြင်စေရန်နှင့် လုပ်ငန်းများ ထိရောက်စေရန် အလို့ငှာ ရှေ့လုပ်ငန်းစဉ် မူဘောင် (The Framework of Action Plan) တစ်ရပ်နှင့် နှစ်စဉ်လုပ်ငန်းစီမံချက် (Operational Plan) ရေးဆွဲချမှတ် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ယင်းမူဘောင်နှင့် စီမံချက်တို့တွင် လူ့အခွင့်အရေးဆိုင်ရာ အခြေခံမူများနှင့်တန်ဖိုးများကို အများပြည်သူ သိရှိနားလည်မှု တိုးမြင့်စေရန်၊ လူ့အခွင့်အရေး ဖောက်ဖျက်ခံရမှုများ လျော့ပါးစေရေးအတွက် တိုင်တန်းချက်များ ကိုင်တွယ်ဆောင်ရွက်ခြင်းနှင့် စောင့်ကြည့်လေ့လာခြင်းတို့ကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန်၊ ထိန်းသိမ်း စောင့်ရှောက်ရေးစခန်းများနှင့် လိုအပ်သည့်နေရာများသို့ သွားရောက်စစ်ဆေးခြင်းတို့ကို နည်းလမ်း တကျဆောင်ရွက်ရန်၊ တည်ဆဲဥပဒေများ ပြင်ဆင်ခြင်းနှင့် ဥပဒေကြမ်းများ ရေးဆွဲခြင်းတို့တွင် လူ့အခွင့်အရေးစံများ ထည့်သွင်းစဉ်းစားလာစေရန်၊ နိုင်ငံတော်မှ ပါဝင်ချုပ်ဆိုခြင်း မပြုရသေးသော အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး သဘောတူစာချုပ်များကို လေ့လာ သုံးသပ်ရန်၊ အပြည်ပြည် ဆိုင်ရာနှင့် ဒေသဆိုင်ရာ လူ့အခွင့်အရေး ယန္တရားများ၊ ဥပဒေနှင့်အညီ ဖွဲ့စည်းထားသည့် အဖွဲ့အစည်း များ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ဆက်သွယ်ညှိနှိုင်း ဆောင်ရွက်ရန် စသည့် ရည်ရွယ်ချက်များဖြင့် ရှေ့ဆက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
၅။ နိုင်ငံသားတစ်ဦးသည် နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် ဥပဒေပါအခွင့်အရေးများကို ဖောက်ဖျက်ခြင်းခံရပါက ကိုယ်တိုင်အတွက်သော်လည်းကောင်း၊ အခြားသူ တစ်ဦးအတွက်သော် လည်းကောင်း၊ လူတစ်စုကို ကိုယ်စားပြု၍သော်လည်းကောင်း ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၊ အမှတ် (၂၇)၊ (၆) မိုင်ခွဲ၊ ပြည်လမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့သို့ လည်းကောင်း၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံးခွဲ နေပြည်တော်၊ မန္တလေး၊ စစ်တွေ၊ ပုသိမ်မြို့တို့သို့ လည်းကောင်း လိပ်မူ၍ စာတိုက်မှ ဖြစ်စေ၊ သက်ဆိုင်ရာကော်မရှင်ရုံးသို့ လူကိုယ်တိုင် ဖြစ်စေ၊ ဖက်စ် ၀၁၈-၆၅၄၆၇၈၊ ကော်မရှင် email လိပ်စာဖြစ်သော protection @mnhrc.org.mm တို့မှ တစ်ဆင့်ဖြစ်စေ အချက်အလက်များ ပြည့်စုံစွာ ဖော်ပြတိုင်ကြားနိုင်ပါသည်။ ကော်မရှင်သည် တိုင်တန်းချက်များကို စိစစ်ပြီး သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်၍ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများနှင့် နစ်နာမှုများကို ဖြည့်ဆည်းဆောင်ရွက်ပေးမည် ဖြစ်ပါသည်။
၆။ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥပဒေအရ ကော်မရှင်သည် နိုင်ငံတော်၏ လူ့အခွင့်အရေးအခြေအနေနှင့် ကော်မရှင်၏ ဆောင်ရွက်မှုများ၊ လုပ်ငန်းတာဝန်များနှင့် စပ်လျဉ်း၍ သင့်လျော်သည့် အကြံပြုထောက်ခံချက်များ ပါဝင်သော နှစ်ပတ်လည် အစီရင်ခံစာကို နိုင်ငံတော် သမ္မတနှင့် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြခြင်း၊ လိုအပ်ပါက လူ့အခွင့်အရေးနှင့် စပ်လျဉ်းသည့် အထူးအစီရင်ခံစာများကို နိုင်ငံတော်သမ္မတထံ တင်ပြခြင်းများ ဆောင်ရွက်နိုင်ပါသည်။
၇။ ကော်မရှင်သည် လူ့အခွင့်အရေးကို ပိုမိုမြှင့်တင် ကာကွယ်စောင့်ရှောက်သည့် လူ့အဖွဲ့အစည်း တစ်ရပ် ပေါ်ပေါက်လာစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ သက်ဆိုင်ရာ လူပုဂ္ဂိုလ်များ၊ အဖွဲ့ အစည်းများ အားလုံးက ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်းနှင့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေဖြင့် ကော်မရှင်ဥပဒေပါ ရည်ရွယ်ချက်များ အောင်မြင် စေရန် ကြိုးပမ်းထမ်းဆောင်သွားမည် ဖြစ်ပါကြောင်း ဖော်ပြအပ်ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်
Download