မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်အမှတ် (၄/၂၀၂၅)


မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်/ Yangon / April 04, 2025


၁။ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်၊ သောကြာနေ့၊ မွန်းလွဲ ၁၂ နာရီ ၅၁ မိနစ် ၀၂ စက္ကန့် အချိန်တွင် မြန်မာနိုင်ငံအတွင်း လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်နှင့် ယင်း၏ နောက်ဆက်တွဲ ငလျင်များကြောင့် များစွာသော အသက်အိုးအိမ်စည်းစိမ် ပျက်စီးဆုံးရှုံးမှုများ နှင့် ထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်ပေါ်ခဲ့ရာ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အနေဖြင့် ပြည်သူများ၏ အသက်အိုးအိမ် ပျက်စီးဆုံးရှုံးမှု၊ ပူဆွေးသောကရောက်မှုများ အတွက် ပြည်သူလူထု တစ်ရပ်လုံးနှင့် ထပ်တူ စိတ်ထိခိုက်ဝမ်းနည်း ကြေကွဲရပါသည်။

၂။ ငလျင်ဒဏ် ခံစားခဲ့ရသော ဒေသများတွင် တိုက်တာ အဆောက်အအုံများ၊ လူနေအိမ် များ၊ အစိုးရရုံးများ၊ တက္ကသိုလ်များ၊ စာသင်ကျောင်းများ၊ ဘုရားပုထိုးစေတီများ၊ ဘာသာရေး အဆောက်အအုံများ၊ ယဉ်ကျေးမှုဆိုင်ရာ အဆောက်အအုံများနှင့် လမ်းတံတား၊ ရေတွင်း ရေကန်များ ပျက်စီးဆုံးရှုံးခဲ့ပါသည်။ အဆိုပါ ငလျင်လှုပ်ခတ်မှု ဖြစ်ပွားချိန်မှ စတင်၍ နိုင်ငံတော်အစိုးရ၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ၊ ပြည်တွင်း ပြည်ပ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းအသင်းအဖွဲ့များနှင့် မိဘပြည်သူ များက အရေးပေါ် တုံ့ပြန်ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ခြင်း၊ စေတနာရှင်၊ အလှူရှင်များက အလှူငွေများနှင့် ဆေးဝါးပစ္စည်းစသည်တို့ကို ရက်ရောစွာ ပေးအပ်လှူဒါန်းခြင်း၊ နိုင်ငံတကာမှ ကူညီကယ်ဆယ်ထောက်ပံ့ပေးခြင်းများသည် ထိခိုက်ခံစားရသူများအတွက် စိတ်ဓာတ်ခွန်အား နှင့် ဆက်လက်ရှင်သန်ရပ်တည်ရေးအတွက် အထောက်အပံ့ဖြစ်စေပါသည်။ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်သည်လည်း ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် လက်တွဲ ကာ ငလျင်ဒဏ်သင့် ပြည်သူများကို ကူညီပံ့ပိုးရေးအတွက် တတ်နိုင်သည့် အခန်းကဏ္ဍမှ ပါဝင် ဆောင်ရွက်လျက်ရှိပါသည်။

၃။ ငလျင်ဒဏ်ကြောင့် ထိခိုက်ခံစားနေရသော တစ်နိုင်ငံလုံးရှိ ပြည်သူလူထုအား စာနာ ထောက်ထားနားလည်သောအားဖြင့်လည်းကောင်း၊ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်လျက်လည်း ကောင်း၊ တည်ငြိမ်အေးချမ်းမှုကို ရှေးရှုလျက် တပ်မတော်အနေဖြင့် ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂ ရက် နေ့မှ ၂၂ ရက်နေ့အထိ ကာလကို ယာယီပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကာလအဖြစ် ထုတ်ပြန်ခဲ့ ခြင်းသည် ငလျင်ဒဏ်ခံစားရသည့် ဒေသများ၌ အရေးပေါ် လိုအပ်လျက်ရှိသည့် လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပံ့ပိုးကူညီရန် ပိုမိုလွယ်ကူချောမွေ့စေခြင်း၊ တရား ဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် လူ့အခွင့်အရေး အခန်းကဏ္ဍများကို အထောက် အကူဖြစ်စေခြင်းတို့ကြောင့် ယာယီပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ထုတ်ပြန်ချက်အား ကော်မရှင်က ကြိုဆိုအပ်ပါသည်။

၄။ ပြင်းထန်ငလျင်ဒဏ်ကြောင့် ပြည်သူများ၏ အသက်အန္တရာယ်နှင့် လုံခြုံမှု ထိခိုက် ဆုံးရှုံးခြင်း၊ အိုးမဲ့အိမ်မဲ့ဖြစ်ခြင်း၊ အစားအစာ၊ အဝတ်အထည်၊ ဆေးဝါးပစ္စည်း၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် သန့်ရှင်းသောရေအပါအဝင် အခြေခံလိုအပ်ချက်များ လုံလောက်မှုမရှိခြင်း နှင့်အတူ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရခြင်း စသည့် လူ့အခွင့်အရေးနှင့် ဆက်နွှယ်သော စိန်ခေါ်မှုများ ဖြစ်ပေါ်စေပါသည်။ အဆိုပါ စိန်ခေါ်မှုများနှင့် ပတ်သက်၍ သက်ဆိုင်သူများ၊ အဖွဲ့အစည်းများနှင့် ပြည်သူများက လူ့အခွင့်အရေးနှင့် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများပေးရာတွင် ထိခိုက်လွယ် အုပ်စုများဖြစ်သည့် ကလေးသူငယ် များ၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများအပါအဝင် ငလျင်ဘေး ထိခိုက် ခံစားရသူများ အားလုံးကို ခွဲခြားဆက်ဆံမှု မရှိဘဲ သာတူညီမျှရှိစေရေး အလေးပေးဆောင်ရွက် ကြပါရန် လူ့အခွင့်အရေး ရှုထောင့်မှ တိုက်တွန်းပန်ကြားအပ်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ။ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၄ ရက်

Download