မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်အမှတ် (၁၃/၂၀၂၅)
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်အမှတ် (၁၃/၂၀၂၅)
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / October 15, 2025

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား ချုပ်ဆိုခဲ့သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (Nationwide Ceasefire Agreement – NCA) ကို ပြည်တွင်းနှင့် နိုင်ငံတကာအသိသက်သေများရှေ့မှောက်၌ လက်မှတ်ရေး ထိုးခဲ့သည်မှာ ယနေ့တွင် (၁၀) နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်။ အဆိုပါ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) သည် လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် တရားမျှတမှု စသည်တို့ကို အခြေခံကာ ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိရေးအတွက် ပါဝင်သင့်သူအားလုံးပါဝင်သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေး လုပ်ငန်းစဉ်ကို အကောင်အထည် ဖော်နိုင်ရန် ဦးတည်ဆောင်ရွက်သည်ကို တွေ့ရှိရပါသည်။
၂။ ယင်းဦးတည်ချက်နှင့်အညီ ၂၀၂၅ ခုနှစ်အတွင်း နယ်ပယ် အသီးသီးမှ အဖွဲ့အစည်းများ၊ အလွှာအသီးသီးမှ ပုဂ္ဂိုလ်များ ပါဝင်သည့် ငြိမ်းချမ်းရေးစကားဝိုင်းနှင့် ဆွေးနွေးပွဲများ ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။ ယင်းဆောင်ရွက်ချက်များသည် စစ်မှန်သည့် ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်ရာတွင် များစွာအထောက်အကူ ဖြစ်စေမည်ဟု ယုံကြည် ပါသည်။ ငြိမ်းချမ်းရေးရရှိမှသာ တရားဥပဒေစိုးမိုးရေး ဖြစ်ထွန်းလာပြီး လူ့အခွင့်အရေးများ ရရှိခံစားနိုင်မည် ဖြစ်ပါသည်။
၃။ ကုလသမဂ္ဂပဋိညာဉ်စာချုပ်၏ ရည်ရွယ်ချက်များနှင့် အခြေခံမူများတွင် ငြိမ်းချမ်းရေးပျက်ပြားစေတတ်သည့်အရေး ကိစ္စရပ်များကို ပြေလည်ကျေအေးအောင် ဆောင်ရွက်ရာ၌ တရားမျှတမှု အခြေခံမူများ၊ အပြည်ပြည်ဆိုင်ရာ တရားဥပဒေများနှင့်အညီ ငြိမ်းချမ်းသောနည်းလမ်းများ ကျင့်သုံးရန် ချမှတ်ထားပါသည်။ ထို့အတူ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၂ ၌ လူတိုင်းကို မည်သည့်အကြောင်းကြောင့်မျှ ခွဲခြားမှုမပြုဘဲ အခွင့်အရေးနှင့် လွတ်လပ်ခွင့်များရရှိစေရန် ဖော်ပြထားသကဲ့သို့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက် မှုရပ်စဲရေး သဘောတူစာချုပ်(NCA) ၏ အခြေခံမူများတွင်လည်း ဤပြည်ထောင်စုအတွင်း နေထိုင်ကြ သော နိုင်ငံသားအားလုံးကို လူမျိုးရေး၊ ဘာသာရေး၊ ယဉ်ကျေးမှုနှင့် လိင်ကွဲပြားမှုတို့ကြောင့် ခွဲခြားဆက်ဆံခြင်းမပြုဘဲ တန်းတူ ရည်တူ အခွင့်အရေးရရှိစေရန်ဟု ဖော်ပြထားသည်ကို တွေ့ရှိရ ပါသည်။
၄။ ယင်းအခွင့်အရေးများကို အပြည့်အဝရရှိခံစားနိုင်ရန်နှင့် တရားမျှတမှုနှင့် လူ့အခွင့်အရေး အပေါ် အခြေခံသော ဒီမိုကရေစီ ဖက်ဒရယ်စနစ် ဖော်ဆောင်ရာတွင် နိုင်ငံတွင်းပစ်ခတ် တိုက်ခိုက်မှုများ ချုပ်ငြိမ်းပြီး ငြိမ်းချမ်းမှုရရှိရန် အားလုံးက ပူးပေါင်းပါဝင်ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA)နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များသည် နိုင်ငံတွင်းပစ်ခတ်တိုက်ခိုက်မှုများ ရပ်စဲစေရေး အတွက်သာမက ပစ္စုပ္ပန်နှင့် အနာဂတ်မျိုးဆက်များ၏ ဖွံ့ဖြိုးတိုးတက်မှုအခွင့်အရေး (Right to Development)အတွက် ကြီးမားစွာ အထောက်အပံ့ဖြစ်စေပါသည်။
၅။ နိုင်ငံတွင်း မှီတင်းနေထိုင်ကြသူများအားလုံး၏ လူမှုစီးပွားဘဝ များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံအေးချမ်းသော နိုင်ငံတော်ဖြစ်ပေါ် လာစေရေး ကြိုးပမ်းသည့် ငြိမ်းချမ်းရေးလုပ်ငန်း စဉ်အတွက် သမိုင်းမှတ်တိုင်တစ်ခုဖြစ်သော တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုပါကြောင်းနှင့် ဆက်စပ်ကျင်းပမည့် ဆွေးနွေးပွဲများကို ကြိုဆိုပါကြောင်း ဖော်ပြအပ်ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်
ရက်စွဲ၊ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်