မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် (၁/၂၀၂၄)


မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်/ Yangon / January 05, 2024


၁။ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌသည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်နေ့အားဖြင့်လည်းကောင်း၊ ပြည်သူ လူထု နှလုံးစိတ်ဝမ်း အေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသော အားဖြင့်လည်းကောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ အမိန့်အမှတ် (၁/၂၀၂၄)ဖြင့် အကျဉ်း ထောင်/ အချုပ်ထောင်/ စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/ အကျဉ်းသူ ၉၆၅၂ ဦးတို့ကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ ယင်းတို့ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုခဲ့ပါသည်။

၂။ ထို့ပြင် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ဆက်ဆံရေးကို ရှေးရှုသောအားဖြင့်လည်းကောင်း၊ လူသားချင်း စာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ၊ အမိန့်အမှတ် (၂/၂၀၂၄) ဖြင့် အကျဉ်းထောင်/ အချုပ်ထောင် အသီးသီးတွင် ပြစ်ဒဏ် ကျခံနေရသည့် နိုင်ငံခြားသား အကျဉ်းသား/ အကျဉ်းသူ ၁၁၄ ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁)အရ ယင်းတို့ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့ပြီး ပြစ်ဒဏ်လွတ် ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ် ပေးခဲ့ပါသည်။

၃။ အကျဉ်းထောင်/အချုပ်ထောင်/စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား / အကျဉ်းသူများအား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခြင်းသည် လူ့အခွင့်အရေးဆိုင်ရာ အပြုသဘောဆောင် သော ဆောင်ရွက်ချက်တစ်ရပ်ဖြစ်ပါသည်။ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ရရှိသူများသည် မိသားစုဝင်များနှင့် ပြန်လည်ပေါင်းစည်းခွင့် ရကြမည်ဖြစ်ပြီး နိုင်ငံတော်၏ စေတနာကို အလေးထားလျက် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးအတွက် ဝိုင်းဝန်းပံ့ပိုး ဆောင်ရွက် နိုင်မည်ဟု ကော်မရှင်အနေဖြင့် ယုံကြည်ပါသည်။

၄။ နိုင်ငံခြားသား အကျဉ်းသား/ အကျဉ်းသူများကို ပြစ်ဒဏ်များလျှော့ပေါ့ပြီး လွတ်ငြိမ်းခွင့်ပြု ခြင်းသည် ချစ်ကြည်ရင်းနှီးမှုကို ရှေးရှု၍ နိုင်ငံအချင်းချင်း ဆက်ဆံရေးကို မြှင့်တင်ဆောင်ရွက်ရာ ရောက်သည်ဟု ရှုမြင်ပါသည်။

၅။ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အနေဖြင့်လည်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ရရှိသူများ၏ သက်ဆိုင်ရာ မိသားစုဝင်များနည်းတူ လွန်စွာ ဝမ်းမြောက်ပီတိ ဖြစ်ရပြီး အလားတူ အပြုသဘောဆောင်သော ဆောင်ရွက်ချက်များကို ဆက်လက် လုပ်ဆောင်သွားမည်ဟု ကော်မရှင် အနေဖြင့် မျှော်လင့်ပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Download