သတင်းထုတ်ပြန်ချက်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / June 28, 2024
image


၁။ မြန်မာနိုင်ငံဘဏ်များသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားရှိသည့် လမ်းညွှန်မှုများနှင့်အညီ စည်းမျဉ်းများကို လေးစားလိုက်နာဆောင်ရွက်လျက်ရှိပါသည်။ ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာလုပ်ငန်းများနှင့် လူအများအပြား သေကျေစေသည့် လက်နက်များပြန့်ပွားရေးကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍လည်း ဘဏ်များသည် Regulatory Authority ဖြစ်သည့် ဗဟိုဘဏ်မှချမှတ်ထားသည့် ညွှန်ကြားချက်များနှင့် လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်လျက်ရှိပါသည်။ ဘဏ်များသည် SDN List အပါအဝင် နိုင်ငံတကာ အရေးယူဆောင်ရွက်မှုစာရင်းများတွင် ပါရှိနေသော လူပုဂ္ဂိုလ်များ၊ ကုမ္ပဏီလုပ်ငန်းများအတွက် ပြည်တွင်း၊ ပြည်ပငွေကြေးလွှဲပြောင်းမှုများကို လုံးဝဆောင်ရွက်ပေးခြင်းမရှိဘဲ ဆက်သွယ်ဆောင်ရွက်သူများ၏ ရယူရမည့်အချက်အလက်များအား သေချာစွာစိစစ်ရယူခြင်းနှင့် ပြည်တွင်း၊ ပြည်ပငွေကြေးလွှဲပြောင်းမှုများအပေါ် အလေးထားစိစစ်ခြင်းကို တိုးမြှင့်ဆောင်ရွက်ခြင်း (Enhanced Due Diligence-EDD) ကို စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိပါသည်။

၂။ မြန်မာနိုင်ငံဘဏ်များနှင့်ဆက်သွယ်ဆောင်ရွက်နေသည့် နိုင်ငံခြားဘဏ်များသည်လည်း ၎င်းတို့၏ သက်ဆိုင်ရာအာဏာပိုင်များ၏ တင်းကျပ်သော စည်းမျဉ်းများအရ မြန်မာနိုင်ငံဘဏ်များ၏ ကုန်သွယ်မှုအတွက် ငွေပေးချေမှုများကို ဆောင်ရွက်ပေးလျက်ရှိရာတွင် ငွေကြေးလွှဲပြောင်းဆောင်ရွက်မှုများအား အလေးထားစိစစ်ခြင်းအား တိုးမြှင့်ဆောင်ရွက်ခြင်း (EDD)လုပ်ငန်းစဉ်များ ပြီးစီးမှသာ ဆောင်ရွက်ပေးလျက်ရှိပါသည်။

၃။ မြန်မာနိုင်ငံဘဏ်များသည် ငွေကြေးဆိုင်ရာအရေးယူဆောင်ရွက်ရေးအဖွဲ့ (Financial Action Task Force-FATF)က သတ်မှတ်ထားသည့် အလေးထားစိစစ်မှုများ တိုးမြှင့်ဆောင်ရွက်ရန် တောင်းဆိုခြင်းခံရသည့် နိုင်ငံနှင့် ဒေသများစာရင်းမှ ပယ်ဖျက်နိုင်ရေးအတွက်လည်း FATF မှ သတ်မှတ်ပေးထားသည့် အကောင်အထည်ဖော်ဆောင်ရွက်ရေး အစီအမံများကို သက်ဆိုင်ရာအစိုးရဌာနအဖွဲ့အစည်းများနှင့် ပုဂ္ဂလိကကဏ္ဍတို့ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

၄။ ဘဏ်များအနေဖြင့် ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာလုပ်ငန်းများနှင့် လူအများအပြားသေကျေစေသည့် လက်နက်များ ပြန့်ပွားရေးကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းများအား အင်တိုက်အားတိုက် ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိပြီး လိုအပ်သည့်လုပ်ငန်းစဉ်များအတွက်လည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ လမ်းညွှန်မှုများအရ ဆောင်ရွက်လျက်ရှိပါသည်။

မြန်မာနိုင်ငံဘဏ်များအသင်း

(၂၇-၆-၂၀၂၄)