မြန်မာနိုင်ငံ၏ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းသို့ ထည့်သွင်း


နိုင်ငံခြားရေးဝန်ကြီးဌာန/ Nay Pyi Taw / July 06, 2019


(၆-၇-၂၀၁၉ ရက်၊ ဘာကူးမြို့)

အဇာဘိုင်ဂျန်နိုင်ငံ၊ ဘာကူးမြို့တော်၌ ၂၀၁၉ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့မှ ဇူလိုင်လ ၁၀ ရက်နေ့ အထိ ကျင်းပပြုလုပ်လျက်ရှိသည့် ကမ္ဘာ့အမွေအနှစ်ကော်မတီအစည်းအဝေး၌ မြန်မာနိုင်ငံမှ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းသို့ အောင်အောင်မြင်မြင် ထည့်သွင်းနိုင်ခဲ့ပါသည်။

ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းသို့ ထည့်သွင်းမှုအပေါ် ကမ္ဘာ့အမွေအနှစ်ကော်မတီအဖွဲ့ဝင်နိုင်ငံများက လှိုက်လှိုက်လှဲလှဲ ထောက်ခံခဲ့ကြပါသည်။

အခမ်းအနား၌ ကျေးဇူးတင်စကားပြောကြားရာတွင် ယူနက်စကိုဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်/ သံအမတ်ကြီး ဦးကျော်ဇေယျက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် ပြည်သူများကိုယ်စား ကမ္ဘာ့အမွေအနှစ်ကော်မတီအဖွဲ့ဝင်နိုင်ငံများ၊ ကမ္ဘာ့အမွေအနှစ် ဗဟိုဌာနနှင့် အကြံပေးအဖွဲ့ဝင်များကို ယင်းတို့၏ အရေးပါလှသည့် ထောက်ခံမှုအတွက် လှိုက်လှဲစွာကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါသည်။

ထို့ပြင် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်းသို့ ထည့်သွင်းနိုင်ခြင်းမှာ ဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိသူများ၊ အသိပညာရှင်/အတတ်ပညာရှင်များ၊ ပြည်တွင်းပြည်ပမှ ကျွမ်းကျင်ပညာရှင်များ၊ ဖွံဖြိုးတိုးတက်ရေးမိတ်ဘက်အဖွဲ့များ၊ ပုဂ္ဂလိကကဏ္ဍနှင့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် ဒေသခံပြည်သူများ၏ အားထုတ်ကြိုးပမ်းမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုကြောင့် အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ပုဂံအမွေအနှစ်ဒေသသည် နှစ်ပေါင်းတစ်ထောင်ကျော် စိမ်ခေါ်မှုအမျိုးမျိုးကို ကြံ့ကြံ့ခံ ဖြတ်သန်းလာခဲ့သည့် ရှင်သန်ဆဲအမွေအနှစ်ဒေသတစ်ခုဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသ ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ကြိုးပမ်းဆောင်ရွက်များကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ သို့မှသာ မြန်မာပြည်သူပြည်သားအားလုံး တန်ဖိုးထားသည့် ယဉ်ကျေးမှုအမွေအနှစ်ဒေသသည် လူသားတို့၏ အမွေအနှစ်အဖြစ်လည်းကောင်း၊ နောင်လာနောင်သားတို့၏ အမွေအနှစ်အဖြစ်လည်းကောင်း နောင်နှစ်ပေါင်းထောင်ပေါင်းများစွာ ဆက်လက်တည်ရှိမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။