ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေးမစ်ရှင်က မြန်မာနိုင်ငံနှင့် ပတ်သက်၍ အစီရင်ခံစာထုတ်ပြန်မှု အပေါ် နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက်ထုတ်ပြန်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / August 06, 2019


နေပြည်တော် ဩဂုတ် ၆

 

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေးမစ်ရှင် (Fact Finding Mission - FFM) က ဩဂုတ် ၅ ရက်တွင် မြန်မာနိုင်ငံနှင့်ပတ်သက်၍ အစီရင်ခံစာထုတ်ပြန်မှုအပေါ် မြန်မာနိုင်ငံ၏ သတင်းထုတ်ပြန်ချက်တစ်ရပ်ကို နိုင်ငံခြားရေး ဝန်ကြီးဌာနက ယနေ့ထုတ်ပြန်လိုက်သည်။

 

အဆိုပါ သတင်းထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံအနေဖြင့် လူ့အခွင့်အရေးကောင်စီက အခြေအမြစ်မရှိသော စွပ်စွဲချက်များကို အခြေခံ၍ အချက်အလက်ရှာဖွေရေးမစ်ရှင် (Fact Finding Mission - FFM) စတင်ဖွဲ့စည်းစဉ်ကပင် ဆန့်ကျင် ကန့်ကွက်ခဲ့ပါကြောင်း၊ အချက်အလက်ရှာဖွေရေးမစ်ရှင်၏ အစီရင်ခံစာကို အသိအမှတ်ပြုမည် မဟုတ်ဟု မြန်မာနိုင်ငံ၏ ရပ်တည်ချက်ကို ရှင်းလင်းထင်ရှားစွာ ထုတ်ဖော်ပြသခဲ့ပြီးဖြစ်ပါကြောင်း၊ လူ့အခွင့်အရေးကိစ္စ အပါအဝင် နိုင်ငံတကာ အရေးကိစ္စရပ်များအား ဖြေရှင်းရာတွင် ပူးပေါင်းဆောင်ရွက်ရေးကို အခြေခံ၍သာ ဆောင်ရွက်သင့်သည်ဟူသော ရပ်တည်ချက်ကို မြန်မာနိုင်ငံက ခိုင်မာစွာဆုပ်ကိုင်ထားပါကြောင်း၊ ပြေလည်အောင် ဖြေရှင်းဆောင်ရွက်ရန် လိုအပ်သော စိန်ခေါ်မှုများကို စီးပွားရေးပိတ်ဆို့အရေးယူမှုများဖြင့် ဖြေရှင်းနိုင်လိမ့်မည်ဟု မြန်မာနိုင်ငံအနေဖြင့် မယုံကြည်ပါကြောင်း။

 

လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်လာလျှင် တာဝန်ယူ၊ တာဝန်ခံမှုများ ရှိရမည်ဆိုသည်မှာ မြန်မာနိုင်ငံ၏ မူအရ ရပ်တည်ချက်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအစိုးရအနေဖြင့် ရခိုင်ပြည်နယ်အရေးကိစ္စကို သီးခြားလွတ်လပ်သော စုံစမ်း စစ်ဆေးရေးကော်မရှင် (ICOE) ဖွဲ့စည်းလျက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာ့ တပ်မတော်အနေဖြင့်လည်း ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည်ဆိုသော လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ စွပ်စွဲချက်များကို စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းကာစစ်ဆေးလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံသည် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရေးဆိုင်ရာ ကိုယ်ပိုင်ယန္တရားများ ဖွဲ့စည်းထားပြီးဖြစ်ပါကြောင်း၊ ထိုသို့ ပြည်တွင်း၌ ဖွဲ့စည်းဆောင်ရွက်ထားသည့် ယန္တရားများ ပြီးပြတ်ပြည့်စုံအောင် ဆောင်ရွက်စေခြင်းမပြုဘဲ အခြားယန္တရားများ ဖွဲ့စည်းဆောင်ရွက်ခြင်းကို မိမိတို့ဆန့်ကျင် ပါကြောင်း။

 

လူ့အခွင့်အရေးကောင်စီအနေဖြင့် အချက်အလက်ရှာဖွေရေးမစ်ရှင် ဖွဲ့စည်းဆောင်ရွက်ခြင်းသည် ယင်း၏ လုပ်ပိုင်ခွင့်ကို ကျော်လွန်လုပ်ဆောင်ခြင်းဖြစ်ပြီး နိုင်ငံတကာဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို ချိုးဖောက်ခြင်းဖြစ်ပါကြောင်း၊ အချက်အလက်ရှာဖွေရေး မစ်ရှင်ကိုသော်လည်းကောင်း၊ ယင်း၏ အစီအရင်ခံစာကိုသော်လည်းကောင်း မိမိတို့အသိအမှတ်ပြု လက်ခံမည်မဟုတ်ပါကြောင်း၊ မြန်မာအစိုးရအနေဖြင့် အချက်အလက် ရှာဖွေရေးမစ်ရှင်၏ နောက်ဆုံးထုတ် အစီရင်ခံစာနှင့် သုံးသပ်ချက်များကို ပြတ်ပြတ်သားသားပယ်ချပါကြောင်း၊ အချက်အလက်ရှာဖွေရေးမစ်ရှင်၏ အစီရင်ခံစာသည် မြန်မာနိုင်ငံ နှင့် မြန်မာပြည်သူများ၏ အကျိုးစီးပွားကို ထိခိုက်ပျက်ပြားစေရန် ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်ခြင်းဖြစ်သည်ဟု ရှုမြင် သတ်မှတ်ပါကြောင်း၊ ထိုကဲ့သို့သော ဆောင်ရွက်ချက်များသည် ရခိုင်ပြည်နယ်တွင် လက်ရှိတွေ့ကြုံ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရေးအတွက် တစ်စုံတစ်ရာ အထောက်အကူ ဖြစ်စေနိုင်မည် မဟုတ်ဟု ယုံကြည်ပါကြောင်း။

 

ရခိုင်ပြည်နယ်ရှိ စိန်ခေါ်မှုများကို တရားဥပဒေစိုးမိုးမှုမြှင့်တင်ရေးနှင့် ရေရှည်တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုး တိုးတက်ရေးတို့ကို ဆောင်ရွက်ခြင်းဖြင့်သာ ဖြေရှင်းနိုင်လိမ့်မည်ဟု မြန်မာနိုင်ငံက ယုံကြည်ထားပါကြောင်း၊ ရခိုင်ပြည်နယ်ရှိ လူ့အဖွဲ့အစည်းများအတွင်း သဟဇာတဖြစ်ရေးကို တည်ဆောက်ပေးခြင်း၊ ငြိမ်းချမ်း၊ တည်ငြိမ်၊ လုံခြုံစိတ်ချ၊ သာယာဝပြော သော ပတ်ဝန်းကျင်ကို ဖန်တီးပေးခြင်းတို့သည်သာ မိမိတို့၏ လတ်တလော ဦးစားပေး ရည်မှန်းချက်ဖြစ်ကြောင်း သတင်း ထုတ်ပြန်အပ်ပါကြောင်းဖြင့် ဖော်ပြပါရှိသည်။

 

(သတင်းစဉ်)