(၇၃) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်ခဲ့သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်နှင့် ကိုယ်ခွဲခေါင်းဆောင်တို့၏ အထွေထွေညီလာခံကာလအတွင်း လှုပ်ရှားဆောင်ရွက်မှုများ
(၇၃) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်ခဲ့သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်နှင့် ကိုယ်ခွဲခေါင်းဆောင်တို့၏ အထွေထွေညီလာခံကာလအတွင်း လှုပ်ရှားဆောင်ရွက်မှုများ
နိုင်ငံခြားရေးဝန်ကြီးဌာန/ Nay Pyi Taw / October 10, 2018
(၉-၁၀-၂၀၁၈ ရက်၊ နေပြည်တော်)
နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပလျက်ရှိသည့် (၇၃) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်ခဲ့သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေသည် ကုလသမဂ္ဂ အထွေထွေညီလာခံ မူဝါဒရေးရာ ဆွေးနွေးပွဲသို့ တက်ရောက်ပြီး၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၏ အထူးကိုယ်စားလှယ်အဖြစ် ကျူးဘားနိုင်ငံသို့ တရားဝင်ခရီး သွားရောက်ခဲ့ပြီးနောက် ၉-၁၀-၂၀၁၈ ရက်တွင် စင်ကာပူ လေကြောင်းဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိသည်။
(၇၃) ကြိမ်မြောက်ကုလသမဂ္ဂ အထွေထွေညီလာခံ၏ စက်တင်ဘာလ ၂၅ ရက်မှ အောက်တိုဘာလ ၁ ရက်အထိ အဆင့်မြင့် ရက်သတ္တပတ်ကာလအတွင်း အထွေထွေမူဝါဒရေးရာ မိန့်ခွန်းပြောကြားသည့် အစီအစဉ်၌ မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေသည် စက်တင်ဘာလ ၂၈ ရက်တွင် မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့ပါသည်။
အဆင့်မြင့် ရက်သတ္တပတ်ကာလမတိုင်မီ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေသည် စက်တင်ဘာလ ၂၆ ရက်တွင် ဝါရှင်တန်မြို့ သွားရောက်ပြီး၊ အမေရိကန် အထက်လွှတ်တော် လူများစုခေါင်းဆောင် ဆီနိတ်တာ Hon. Mitch McConnell အား သွားရောက်တွေ့ဆုံခဲ့ပါသည်။
နယူးယောက်မြို့တွင် ကုလသမဂ္ဂညီလာခံ တက်ရောက်နေစဉ်အတွင်း ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေသည် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Hon. Mike Pompeo၊ ဂျပန် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Taro Kono ၊ အမေရိကန် အထက်လွှတ်တော်အမတ် Hon. Jeff Merkley၊ အမေရိကန် သမ္မတအိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ အာရှရေးရာ အကြီးတန်းညွှန်ကြားရေးမှူး Mr. Matthew Pottinger ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီဥက္ကဋ္ဌ Mr. Peter Maurer နှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgener တို့နှင့် သီးခြားစီ တွေ့ဆုံခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေသည် စက်တင်ဘာလ ၂၄ ရက်တွင် ကုလသမဂ္ဂဌာနချုပ်၌ ကျင်းပသည့် တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ်နိုင်ငံများအကြား အလွတ်သဘော သုံးပွင့်ဆိုင် အစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Wan Yi ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Abul Hassan Mahmood Ali ၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Mr. António Guterres နှင့် အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgener တို့ တက်ရောက်ပါသည်။ ဆွေးနွေးပွဲတွင် အချက် (၃) ချက်ပါ သဘောတူညီမှု ရရှိခဲ့ရာတွင် ၎င်းတို့မှာ ရခိုင်အရေးကိစ္စအား မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား ခင်မင်ရင်းနှီးစွာဖြင့် အကြံပြု ဆွေးနွေးမှုများမှတစ်ဆင့် စေ့စပ်ညှိနှိုင်းသည့် နည်းလမ်းဖြင့် မှန်ကန်စွာ ဖြေရှင်းဆောင်ရွက်သွားရန်၊ မြန်မာဘက် စိစစ်ပြီးသူများအနက်မှ မိမိသဘောဆန္ဒအလျောက် ပြန်လာလိုသူများကို ပထမအသုတ်အဖြစ် အမြန်ဆုံးလက်ခံရန် အဆင်သင့်ရှိပြီး ဖြစ်ရာ၊ ဘင်္ဂလားဒေ့ရှ်ဘက်မှ ပြန်လည်ပို့ဆောင်ရေး ဆောင်ရွက်သွားရန်နှင့် အဆိုပါ ပထမအသုတ်ကို အစောဆုံး ပြန်လည်ပို့ဆောင်နိုင်ရေးနှင့် ပြန်လည် လက်ခံရေးအတွက် လမ်းပြမြေပုံနှင့် အချိန်ဇယား ရေးဆွဲနိုင်ရေးအတွက် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့အကြား ပူးတွဲလုပ်ငန်းအဖွဲ့အစည်းအဝေးကို အမြန်ဆုံးကျင်းပရန်တို့ ဖြစ်ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေသည် စက်တင်ဘာလ ၂၄ ရက် ညနေပိုင်းတွင် အမေရိကန်သမ္မတက တည်ခင်းဧည့်ခံသည့် ဧည်ခံပွဲသို့ တက်ရောက်သည်။ ပြည်ထောင်စုဝန်ကြီးသည် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် လိုက်ပါလျက်၊ ယင်းနေ့ နေလယ်ပိုင်းတွင် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Rt. Hon. Jeremy Hunt MP နှင့် ပြင်သစ်နိုင်ငံ ဥရောပနှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Jean-Yves Le Drian တို့က ကြီးမှူးကျင်းပသော အလုပ်သဘော နေ့လယ်စာစားပွဲသို့လည်း တက်ရောက်သည်။
နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေသည် (၇၃)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ အထွေထွေမူဝါဒ ဆွေးနွေးပွဲသို့ တက်ရောက်ပြီးနောက်၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၏ အထူးကိုယ်စားလှယ်အဖြစ် ကျူးဘားနိုင်ငံ၊ ဟားဗားနားမြို့သို့ အောက်တိုဘာလ ၂ ရက်မှ ၅ ရက်အထိ ဆက်လက်သွားရောက်ခဲ့ပါသည်။
အလားတူ၊ မြန်မာကိုယ်စားလှယ်အဖွဲ့၏ ကိုယ်ခွဲခေါင်းဆောင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည်လည်း နယူးယောက်မြို့တွင် ကျင်းပသည့် (၇၃)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ အထွေထွေမူဝါဒရေးရာဆွေးနွေးပွဲသို့ တက်ရောက်ပြီးနောက် အောက်တိုဘာလ ၃ ရက်တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိသည်။
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် အထွေထွေညီလာခံ အဆင့်မြင့်ကာလအတွင်း နော်ဝေနိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး H.E. Mr. Nikola Astrup နှင့်အတူ စက်တင်ဘာလ ၂၄ ရက် နံနက်ပိုင်းတွင် နယူးယောက်မြို့ရှိ နော်ဝေသံရုံး၌ ကျင်းပသည့် နော်ဝေ နိုင်ငံခြားရေးဝန်ကြီးဌာန၊ UNICEF နှင့် Telenor တို့က ပူးတွဲကျင်းပသည့် Digitalization People’s Lives: 2030 Agenda in Action” ကို ပူးတွဲသဘာပတိအဖြစ် ဦးဆောင်ကျင်းပပေးခဲ့သည်။ အဆိုပါ အစီအစဉ်တွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ ဒီဂျစ်တယ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုကို ရှင်းလင်းပြောကြားခဲ့ပါသည်။
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် အဆင့်မြင့် ကာလအတွင်း ကျင်းပခဲ့သည့် Global Call to Action on the World Drug Problem ၊ High-Level Event on Action for Peacekeeping ၊ United to end tuberculosis: an urgent global response to Global epidemic ခေါင်းစဉ်ဖြင့် ကျင်းပသည့် တီဘီရောဂါတိုက်ဖျက်ရေးဆိုင်ရာ အဆင့်မြင့် အစည်းအဝေး၊ Security Council Briefing on DPRK ၊ (၅)ကြိမ်မြောက် အာဆီယံ-ပစိဖိတ် မဟာမိတ် ဝန်ကြီးများအဆင့် အစည်းအဝေး၊ အာဆီယံ-အမေရိကန် ဝန်ကြီးအဆင့် အစည်းအဝေးနှင့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ၏ အလွတ်သဘော အစည်းအဝေးနှင့် အာဆီယံဝန်ကြီးများနှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၊ အထွေထွေညီလာခံ သဘာပတိတို့အကြား အစည်းအဝေးတို့ကို တက်ရောက်ခဲ့သည်။
ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် အမျိုးသမီးများအား အကြမ်းဖက်မှုဆိုင်ရာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် Ms. Pramila Pattern ၊ ကလေးသူငယ်နှင့် လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် Ms. Virginia Gamba ၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr. Filippo Grandi ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီ ဖက်ဒရေးရှင်း လက်ထောက်အတွင်းရေးမှူးချုပ် (Under Secretary General) Dr. Jemilah Mahmood ၊ Asia Society Policy Institute (ASPI) မှ Managing Director Ms. Debra Eisenman တို့နှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့သည်။
ပြည်ထောင်စုဝန်ကြီးသည် စက်တင်ဘာလ ၂၄ ရက်တွင် ကျင်းပသည့် Nelson Mandela နှစ် (၁၀ဝ) ပြည့် မွေးနေ့ဂုဏ်ပြုအခမ်းအနားသို့လည်းကောင်း၊ ဗီယက်နမ်နိုင်ငံ၏ (၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့ ဧည့်ခံပွဲ အခမ်းအနားသို့လည်းကောင်း တက်ရောက်သည်။
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် စက်တင်ဘာလ ၂၆ ရက်တွင် ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ စာချုပ်စာတမ်းများ ချုပ်ဆိုပွဲ အခမ်းအနား၌ နျူကလီးယားလက်နက် ပိတ်ပင်တားဆီးရေးဆိုင်ရာ စာချုပ်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရကိုယ်စား လက်မှတ်ရေးထိုးသည်။
ပြည်ထောင်စုဝန်ကြီးသည် အောက်တိုဘာလ ၁ ရက်တွင် နယူးယောက်မြို့ မြန်မာအဖွဲ့ရုံး၌ ကျင်းပသည့် မြန်မာနိုင်ငံရှိ ရေဘေးအလှူငွေ ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။ အခမ်းအနားတွင် နယူးယောက်အခြေစိုက် မြန်မာ လူမှုအဖွဲ့အစည်းများပါဝင်သည် National Humanitarian Fundraising For Myanmar (NHFMM) အဖွဲ့ကိုယ်စား မြန်မာ-အမေရိကန် ကုန်သည်ကြီးများအသင်း ဥက္ကဌ ဦးဝီလျံစူး (ခေါ်) ဦးသိန်းဟန်က မြန်မာနိုင်ငံမှ ရေဘေးဒုက္ခသည်များအတွက် အလှူငွေ အမေရိကန်ဒေါ်လာ ၁၅,ဝ၀ဝ ကို ပြည်ထောင်စုဝန်ကြီးထံ ပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စက်တင်ဘာလ ၂၉ ရက်တွင် ကျင်းပသော ဗွီအိုအေ မြန်မာပိုင်း အစီအစဉ်၏ တွေ့ဆုံမေးမြန်းမှုကိုလည်း လက်ခံဖြေကြားခဲ့သည်။