မဲဆန္ဒရှင်ပြည်သူများသို့ အသိပေးနှိုးဆော်ချက်


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်/ ရုံးအမှတ် (၂၂) ၊ နေပြည်တော် / October 17, 2018


၁။    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် လစ်လပ်မဲဆန္ဒနယ်များတွင်ပါဝင်သည့် မြို့နယ်များ၌ ပြည့်စုံ မှန်ကန်သော မဲဆန္ဒရှင်စာရင်း ရရှိရန် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ မဲဆန္ဒရှင်စာရင်းကို အခြေခံ၍ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ပြုစုစိစစ်ခဲ့ပါသည်။ ပြုစုစိစစ်ပြီး မဲဆန္ဒရှင်စာရင်းကိုပထမအကြိမ်အဖြစ် ၉-၇-၂၀၁၈ရက်နေ့မှ ၂၂-၇-၂၀၁၈ ရက်နေ့အထိလည်းကောင်း၊ နောက်ဆုံးအကြိမ်အဖြစ် ၁-၁၀-၂၀၁၈ ရက်နေ့မှ ၁၄-၁၀-၂၀၁၈ ရက်နေ့အထိ လည်းကောင်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများနှင့် ကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာများတွင် ကပ်ထားကြေညာခဲ့ပြီး မဲဆန္ဒရှင်ပြည်သူများမှလည်း လိုအပ်သည့် တောင်းဆိုမှု၊ ပြင်ဆင်မှု၊ ကန့်ကွက်မှုများ ဆောင်ရွက်ခဲ့ကြပြီး ဖြစ်ပါသည်။

၂။    ၂၀၁၈ ခုနှစ်  ကြားဖြတ်ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးမည့်သူများအနက် အကြောင်း အမျိုးမျိုးကြောင့် သော်လည်းကောင်း၊ သဘာဝဘေးအန္တရာယ်ကြောင့် သော်လည်းကောင်း မှတ်ပုံတင် အစရှိသည့် အထောက်အထားများ ပျောက်ဆုံး/ပျက်စီး မှုများ ဖြစ်ပေါ်ခဲ့သည့် မဲဆန္ဒရှင် များအနေဖြင့် မိမိတို့၏မဲပေးပိုင်ခွင့်မဆုံးရှုံးစေရန်အတွက် ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် မဲစာရင်းတွင်ပါဝင်သည့် မဲဆန္ဒရှင်အမှန်ဖြစ်ကြောင်း ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်ကို မဲရုံ၌ မဲရုံမှူးထံ တစ်ပါတည်း တင်ပြ၍ ဆန္ဒမဲပေးနိုင်ပါသည်။

၃။    အကယ်၍ ထောက်ခံချက်ကို မတင်ပြနိုင်ခဲ့သော်လည်း ထိုသူသည် မဲစာရင်းတွင် ပါဝင်သည့် မဲဆန္ဒရှင်အမှန်ဖြစ်ကြောင်း မဲရုံ၌ တာဝန်ခံ၍ ပြောဆိုနိုင်ခဲ့သူရှိလျှင်လည်း ဆန္ဒမဲပေးနိုင်ပါသည်။

၄။    သို့ဖြစ်ပါ၍ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် နိုင်ငံသားတစ်ယောက်၏ မူလအခွင့်အရေး မဆုံးရှုံးစေရန်အတွက် ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် မဲရုံသို့သွားရောက်၍ ဆန္ဒမဲပေးကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်။

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်