ASEAN Plus Three Youth Environment Forum (AYEF) 2019 လျှောက်ထားနိုင်ကြောင်း ကြေညာခြင်း


သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန/ location / August 02, 2019


အဏ္ဏဝါစွန့်ပစ်အမှိုက်၏ ဆိုးကျိုးများသည် ကမ္ဘာတစ်ဝှမ်းလုံးသို့ သက်ရောက်မှုရှိသည့်အတွက် အလွန်အရေးပါသည့် နယ်စပ်ဖြတ်ကျော် ညစ်ညမ်းမှုပြဿနာများထဲမှ တစ်ခုအပါအဝင်ဖြစ်သည်။ ခန့်မှန်းခြေပလတ်စတစ်အမှိုက်တန်ချိန်ပေါင်း ၈ သန်းခန့်သည် ပင်လယ်သမုဒ္ဒရာအတွင်းသို့ နှစ်စဉ် ဝင်ရောက်လျက်ရှိပါသည်။ အဏ္ဏဝါစွန့်ပစ်အမှိုက်ပြဿနာသည် ကမ္ဘာလုံးဆိုင်ရာပြဿနာတစ်ရပ် ဖြစ်သော်လည်း ပလတ်စတစ်အမှိုက်များစွန့်ပစ်မှုအရွယ်အစားအရ ထိပ်ဆုံးအဖြစ်သတ်မှတ်ထားသည့် နိုင်ငံ ၂၀ တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံ (၆) နိုင်ငံ ပါဝင်နေသည့်အတွက် အာဆီယံအနေဖြင့် အဏ္ဏဝါ စွန့်ပစ်အမှိုက်ပြဿနာကို အလေးထားဖြေရှင်းဆောင်ရွက်ရန်လိုအပ်လျက်ရှိပါသည်။ 
အာဆီယံအနေဖြင့် အဏ္ဏဝါစွန့်ပစ်အမှိုက်ပြဿနာကို အလေးထားဖြေရှင်း ဆောင်ရွက်ရန်အတွက် လှုပ်ရှားမှုတစ်ရပ်အနေဖြင့် ASEAN Plus Three Youth Environment Forum(AYEF) 2019 ကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ၊ ၈ ရက်နေ့မှ ၁၃ ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ဖူးခက်မြို့၌ “Clean up Our Sea, Change Our Future” ဆောင်ပုဒ်ဖြင့် ထိုင်းနိုင်ငံ၊ ပတ်ဝန်းကျင်ဆိုင်ရာ အရည်အသွေးမြှင့်တင်ရေးဌာနမှ ဦးစီးကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။  
ASEAN Plus Three Youth Environment Forum (AYEF) 2019 ကို အာဆီယံနိုင်ငံများနှင့် အာဆီယံ+၃နိုင်ငံများမှ လူငယ်များအတွက် အဏ္ဏဝါစွန့်ပစ်အမှိုက်ပြဿနာများနှင့်ဆိုးကျိုးသက်ရောက်မှုဆိုင်ရာအသိပညာများတိုးမြင့်လာစေရန်နှင့် အဏ္ဏဝါထိန်းသိမ်းစောင့်ရှောက်ခြင်းဆိုင်ရာ စွမ်းဆောင်ရည်နှင့် အသိပညာများပိုမိုပွင့်လင်းလာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။ 
ASEAN Plus Three Youth Environment Forum (AYEF) 2019 တက်ရောက်ရန်အတွက် အာဆီယံနိုင်ငံများနှင့် အာဆီယံ+၃ နိုင်ငံများမှ တစ်နိုင်ငံအတွက် လူငယ် (၅) ဦးစီကို ယှဉ်ပြိုင်စနစ်ဖြင့် ရွေးချယ်သွားမည်ဖြစ်ပြီး အောက်ဖော်ပြပါ စံသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိသည့်လူငယ်များ ဝင်ရောက်လျှောက်ထားနိုင်ပါသည်-
    တက္ကသိုလ်/အဆင့်မြင့်ပညာကျောင်းများတက်ရောက်နေသည့် အသက် ၁၉ နှစ်မှ ၂၅ နှစ်အတွင်းရှိ လူငယ်ဖြစ်ရမည်။(မှတ်ပုံတင်(သို့)နိုင်ငံကူးလက်မှတ် အထောက်အထား ပြသရမည်)
    နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူဖြစ်ရမည်။ (ခရီးသွားသည့်နေ့ရက်တွင် နိုင်ငံကူး လက်မှတ်၏ သက်တမ်း အနည်းဆုံး (၆) လ ကျန်ရှိရမည်)
    ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ဆက်စပ်သည့် လှုပ်ရှားဆောင်ရွက်မှုများ (သို့) စီမံကိန်း များတွင် တက်ကြွစွာပါဝင်ဆောင်ရွက်နေသူဖြစ်ရမည်။
    အင်္ဂလိပ်ဘာသာကျွမ်းကျင်ပိုင်နိုင်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဆွေးနွေးပွဲများ၊ တင်ပြမှုများအား အင်္ဂလိပ်ဘာသာဖြင့် ပြောဆိုနိုင်သူဖြစ်ရမည်။
    Forum တက်ရောက်ရန်ရွေးချယ်ခြင်းခံရပါက တက်ရောက်နေသည့် သက်ဆိုင်ရာကျောင်းမှ တရားဝင်ခွင့်ပြုကြောင်း (Permission Letter) ဖော်ပြရမည်။
    လျှောက်လွှာတွင်ရေးသားဖော်ပြချက်များအတိုင်း အမှန်တကယ်စွမ်းဆောင်ရည်ရှိသူ၊ ပညာရေးထူးချွန်ကျွမ်းကျင်သူနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဗဟုသုတရှိသူ ဖြစ်ရမည်။
ASEAN Plus Three Youth Environment Forum 2019 တက်ရောက်လိုသူ လူငယ်များအနေဖြင့် environment.asean.org/ayef-2019 website တွင် online လျှောက်ထားခြင်းစနစ်ဖြင့် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ၊ ၁၁ ရက်နေ့ နောက်ဆုံးထား ဝင်ရောက်လျှောက်ထားနိုင်ပြီး တက်ရောက်ခွင့် ရရှိသည့် လူငယ် (၅) ဦးအတွက် အသွားအပြန်လေယာဉ်လက်မှတ်နှင့် တည်းခိုစားသောက်စရိတ်တို့အား ထိုင်းနိုင်ငံ၊ပတ်ဝန်းကျင်ဆိုင်ရာအရည်အသွေးမြှင့်တင်ရေးဌာနမှ ကျခံပေးသွားမည်ဖြစ်သည်။

•    အသေးစိတ်သိရှိလိုသည်များအတွက် ဆက်သွယ်ရန်-
    ဒေါ်ဝတ်ရည်မွန်
    ဦးစီးအရာရှိ
    ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ နေပြည်တော်
    ဖုန်း- ၀၆၇ ၄၃၁၃၂၈